ဥရောပထိပ်သီး ကလပ်အသင်းတွေ အလိုရှိနေကြတဲ့ အေစီမီလန် တိုက်စစ်ကစားသမား ရာဖယ်လ်လီယာအိုက သူရဲ့ အနာဂတ်နဲ့ ပတ်သတ်တဲ့ အကြောင်းကိစ္စတွေကို ပြောဆိုလာခဲ့ရင်းနဲ့ ဒီနှစ်ဘောလုံးရာသီအတွင်း အာဆင်နယ်အသင်း ကစားတာကို သဘောကျ နှစ်သက်မိကြောင်းပါ ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

Photo Credit : We Ain’t Got Not History

အသက်(၂၃)နှစ်အရွယ်ရှိ ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမား လီယာအိုဟာ ဒီရာသီ မီလန်အသင်းမှာ (၇)ဂိုး သွင်းယူထားနိုင်ပြီး (၁၀)ဂိုးထိ ဖန်တီးထားနိုင်ခဲ့သလို ပေါ်တူဂီအသင်းအတွက်ကိုလည်း ၂၀၂၂ကမ္ဘာ့ဖလားပြပိုင်ပွဲမှာ (၂)ဂိုး သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ဘယ်တောင်ပံမှာရော အထောင်တိုက်စစ်နေရာမှာ ကစားတတ်သူ လီယာအိုကို ချယ်လ်ဆီး မန်ချက်စတာယူနိုက်တက်တို့လို ပရီးမီးယားလိဂ် ကလပ်အသင်းတွေက အလိုရှိနေသလို ပီအက်စ်ဂျီ ရီးယဲလ်မက်ဒရစ် ဘိုင်ယန်မြူးနစ်တို့လို ထိပ်သီးအသင်းတွေကလည်း စိတ်ဝင်စားနေကြပါတယ်။

Image

Photo Credit : Twitter

ဒီလို ကလပ်အသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်နေရသူ လီယာအိုကို အနာဂတ်အကြောင်းတွေ မေးမြန်းလာခဲ့ရာ “အမှတ်ပေးလိဂ်ပြိုင်ပွဲအသစ်မှာ အတွေ့အကြုံအသစ်တွေ လိုချင်လားဆိုတော့ လိုချင်တာပေါ့ ဒါပေမယ့် အခုတော့ မဟုတ်သေးပါဘူး။ လာမယ့် အနာဂတ်မှပါ။ လက်ရှိမှာတော့ ကျွန်တော် အေစီမီလန်အသင်းအတွက်ကိုပဲ ရာနှုန်းပြည့် အာရုံစိုက်ထားပါတယ်။ အေစီမီလန်က ထိပ်တန်းအသင်းကြီး တစ်သင်းဖြစ်ပြီးတော့ ဒီအသင်းနဲ့ ကျွန်တော့်ကြားမှာလည်း စာချုပ်သက်တမ်း ကျန်ရှိနေပါသေးတယ်။ နောက်ပြီး ကျွန်တော် မီလန်မြို့ကိုလည်း သဘောကျမိပါတယ်” လို့ ပြန်လည် ဖြေဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် လီယာအိုက “ကျွန်တော် ဘောလုံးပွဲတွေ အများကြီး ကြည့်ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာတော့ ကျွန်တော် အာဆင်နယ်အသင်းကို သဘောကျမိတယ်။ သူတို့ ကစားတာက အရမ်းကို ကောင်းမွန်ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ ၂၀၁၉ခုနှစ်ကမှ လိုင်လီအသင်းကနေ မီလန်ကို ပြောင်းရွှေ့လာခဲ့တဲ့ ပေါ်တူဂီ-အန်ဂိုလာနွယ်ဖွား လီယာအိုဟာ လက်ရှိမှာ မီလန်ကစားသမားဘဝ စတုတ္ထမြောက် ဘောလုံးရာသီကို ဖြတ်သန်းနေတာဖြစ်ပြီး ၂၀၂၄ခုနှစ်အထိ အသင်းနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေသေးသလို သူရဲ့့လက်ရှိတန်ကြေးဟာ ယူရို(၈၅)သန်းလောက်အထိ ရှိနေပါတယ်။