အင်တာမီလန်အသင်းရဲ့ အဓိကတိုက်စစ်ကစားသမားတစ်ယောက်ဖြစ်တဲ့ လော်သာရိုမာတီနက်ဇ်က ပြီးခဲ့တဲ့ ၂၀၂ဝခုနှစ်အတွင်းမှာ သူ့ကိုခေါ်ယူဖို့အတွက် ကြိုးပမ်းမှုတွေ လုပ်ဆောင်ခဲ့တဲ့ ဘာစီလိုနာအသင်းဆီကို ပြောင်းရွေ့ကစားဖို့အတွက် အလွန်နီးစပ်ခဲ့ရတဲ့ အခြေအနေတစ်ခုအထိ ရောက်ရှိခဲ့ဖူးတယ်လို့ ဖွင့်ဟထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အသက် (၂၃)နှစ်အရွယ်ရှိ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား မာတီနက်ဇ်ဟာ အင်တာအသင်းမှာ ခြေစွမ်းပြပြီး သွင်းဂိုးများစွာကိုလည်း သွင်းယူထားနိုင်တာကြောင့် သူ့ကို ဘာစီလိုနာအသင်းဘက်ကနေ ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂ဝမှာပဲ ဘာစီလိုနာအသင်းက မာတီနက်ဇ်ကို ခေါ်ယူဖို့ အနီးစပ်ဆုံး ဖြစ်လာခဲ့ရပေမယ့် အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေတွေက ကျဆင်းလာခဲ့ရတာကြောင့် မာတီနက်ဇ်ရဲ့ စာချုပ်လျော်ကြေးတန်ဖိုး ယူရို (၁၁၁)သန်းကို မပေးချေနိုင်လို့ မာတီနက်ဇ်နဲ့ ဘာစီလိုနာတို့ရဲ့ အပြောင်းအရွေ့က ပျက်ပြယ်ခဲ့ရတယ်လို့ ကစားသမားကိုယ်တိုင် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sempreinter

မာတီနက်ဇ်က “ကျွန်တော် ဘာစီလိုနာအသင်းဆီကို ရောက်ရှိသွားဖို့ အမှန်တကယ်ကို နီးစပ်ခဲ့ဖူးပါတယ်။ ဒီအကြောင်းတွေကိုလည်း ကျွန်တော် လီယွန်နယ်မက်ဆီနဲ့ ပြောဆိုခဲ့ဖူးသေးတယ်။ ဒါပေမယ့် အဲ့ဒီအချိန်မှာပဲ သူတို့အသင်းရဲ့ စီးပွားရေးအခြေအနေတွေက ပြသာနာတွေ ရှိလာခဲ့ရတယ်။ ဒါကြောင့် ကျွန်တော်လည်း အင်တာမှာပဲ ဆက်လက်ရှိနေဖို့ကို ဆုံးဖြတ်ခဲ့တယ်။ ဒီဆုံးဖြတ်ချက်က မှန်ကန်မှုရှိခဲ့တယ်ဆိုတာကိုလည်း သက်သေပြနိုင်ခဲ့တယ်။ အထူးသဖြင့်ဆိုရင်တော့ အသင်းနဲ့အတူ စကူဒက်တိုဖလားကြီးကို ရယူနိုင်ခဲ့တာပါပဲ။ ကိုယ့်အတွက် အရေးပါတဲ့ အသင်းတစ်သင်းအတွက် အခုလို အမှတ်ပေးဖလား ရယူပေးခဲ့တာက တကယ့်ကို အံ့မခန်းပဲ”လို့ ပြောဆိုသွားခဲ့ပါတယ်။ မာတီနက်ဇ်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာ အင်တာမီလန်အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၄၄)ပွဲအထိကို ပါဝင်ကစားထားနိုင်ခဲ့သလို စုစုပေါင်းသွင်းဂိုး (၁၇)ဂိုးနဲ့ ဂိုးဖန်တီးမှုကိုလည်း (၉)ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။