ဖူလ်ဟမ်နဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဧည့်သည် ယူနိုက်တက်အတွက်တစ်လုံးတည်းသော သွင်းဂိုးကို သွင်းယူနိုင်ခဲ့တဲ့ နောက်ခံကစားသမား လီဆန်ဒရို မာတီနက်ဇ်က သူရဲ့ ဂိုးကန်ချက်ဟာ ကံကောင်းပြီး ဂိုးဝင်သွားခဲ့တာ ဖြစ်တယ်လို့ ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်က ဒီပွဲမှာလည်း ရုန်းကန်ခဲ့ရပြီး မာတီနက်ဇ်ရဲ့ သွင်းဂိုးမရခင်အထိ ဂိုးပေါက်တည့်ကန်ချက်က တစ်ကြိမ်မှကို မရှိခဲ့သလို ပွဲပြီးသွားတော့လည်း မာတီနက်ဇ် သွင်းဂိုးနဲ့သာ shot on target တစ်ကြိမ်လေးပဲ ရသွားခဲ့ရပါတယ်။ ဒီနိုင်ပွဲကြောင့် ယူနိုက်တက်က ဒီရာသီ ပရီးမီးယားလိဂ်မှာ အဝေးကွင်း (၃)ပွဲမြောက်နိုင်ပွဲကို ရရှိလိုက်ရတာ ဖြစ်ပါတယ်။

Photo Credit : Goal

ယူနိုက်တက်ဟာ ဖူလ်ဟမ်ကို အဝေးကွင်းမှာ အနိုင်မရခင် မန်စီးတီးနဲ့ ဆောက်သမ်တန်တို့ကိုသာ အဝေးကွင်းတွေမှာ အနိုင်ယူခဲ့ပြီး ရှုံးပွဲ (၄)ပွဲ သရေပွဲ (၄)ပွဲအထိတောင် ရှိခဲ့ရပါတယ်။ ဒါတောင်မှ မာတီနက်ဇ်ရဲ့ သွင်းဂိုးဟာလည်း ဖူလ်ဟမ်ကစားသမား လူကစ်နဲ့ ထိပြီး deflected ဖြစ်ကာ ဂိုးဝင်သွားခဲ့တာပဲ ဖြစ်ပါတယ်။

ဒီဂိုးနဲ့ ပတ်သက်ပြီး အနိုင်ဂိုးရှင် မာတီနက်ဇ်က “ကျွန်တော် ကံကောင်းသွားခဲ့တာလို့ ထင်မိပါတယ်။ ဒါပေမယ့် အရေးကြီးတာက အသင်း အနိုင်ရရှိဖို့ပါပဲ။ ကျွန်တော်ကတော့ အသင်း အနိုင်ရရှိသွားခဲ့တဲ့အတွက် ပျော်ရွှင်မိပါတယ်။ ဘယ်ကစားသမားပဲ ဂိုးသွင်းသွင်း ဒါက အရေးမကြီးပါဘူး။ အရေးအကြီးဆုံးက အသင်း အနိုင်(၃)မှတ် ပိုင်ဆိုင်ဖို့ပါပဲ။” လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Evening Standard

ဒါ့အပြင် ဒီပွဲမှာ မာတီနက်ဇ်လိုပဲ ယူနိုက်တက်အတွက် အလွန်အရေးပါတဲ့ အခိုက်အတန့်တစ်ခုကို လုပ်ဆောင်ပေးခဲ့တဲ့ လူငယ် ကွင်းလယ်ကစားသမားလေး ကော်လီယာရဲ့ ဂိုးစည်းပေါ်က ရှင်းထုတ်သွားနိုင်မှုကိုလည်း အနိုင်ဂိုးရှင် မာတီနက်ဇ်က ချီးကျူး ပြောကြားသွားခဲ့ပါတယ်။ “ဒီချာတိတ်လေးကြောင့် ကျွန်တော် ပိုပြီး ပျော်ရွှင်ရပါတယ်။”

“ဒီကောင်လေးက လူငယ် ကစားသမားလေးအတွက် စံနမူနာယူချင်စရာတစ်ခုပါ။ သူက နေ့တိုင်းနေ့တိုင်းလည်း အလုပ်အရမ်းကြိုးစားတယ်။ humble လည်း ဖြစ်တယ်။ သူရဲ့ ရှင်းထုတ်မှုက အဓိပ္ပါယ် အများကြီး ရှိပါတယ်။ ဒါက အသင်းပရိသတ်တွေသာမကဘဲ ကျွန်တော်တို့အားလုံးအတွက် အရေးကြီးတာပါ။ ဘာကြောင့်လဲဆိုတော့ ဒီဂိုးသာ ခွင့်ပြုလိုက်ရရင် အနိုင်ရဖို့ ခက်ခဲသွားမှာ။” လို့ မှတ်ချက်ပြု ချီးကျူး ပြောဆိုလိုက်ပါတယ်။