ချယ်လ်ဆီးအသင်းရဲ့နည်းပြ သောမတ်စ်တူဟယ်လ်ဟာ သူရဲ့ယခင် ကလပ်အသင်းဟောင်းဖြစ်တဲ့ ပီအက်စ်ဂျီကို ကိုင်တွယ်ခဲ့စဉ်တုန်းက ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း ဆိုးလ်ရှားရဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အုပ်စုအဆင့်မှာရော ရှံးထွက်အဆင့်မှာပါ အကြိမ်ကြိမ် ရင်ဆိုင်တွေ့ဆုံခဲ့ရသလို မနက်ဖြန်မှာဆိုရင်လည်း ယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ပထမဆုံးအကြိမ်အဖြစ် ဆုံတွေ့ရတော့မှာဖြစ်ပါတယ်။

Photo Credit : Sporting Life

တူဟယ်လ်ဟာ ယူနိုက်တက်အသင်းနဲ့ စတင်ဆုံတွေ့ချိန်တုန်းက ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ (၁၆)သင်းအဆင့်မှာ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး အိုးထရက်ဖိုဒ့်မှာ ယှဉ်ပြိုင်ခဲ့ရတဲ့ ပထမအကျော့မှာတော့ တူဟယ်လ်ရဲ့အသင်းဟောင်း ပီအက်စ်ဂျီက အနိုင်ရခဲ့ပေမယ့်လည်း ပဲရစ်မှာ ကစားခဲ့ရတဲ့ ဒုတိယအကျော့မှာတော့ ဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်းက အံ့အားသင့်စရာ ရလဒ်အဖြစ် (၁)ဂိုး(၃)ဂိုးနဲ့ အနိုင်ရယူကာ အဝေးဂိုးစည်းမျဉ်းနဲ့ ယူနိုက်တက်က တူဟယ်လ်ရဲ့ ချန်ပီယံလိဂ်အိမ်မက်တွေကို ရိုက်ချိုးနိုင်ခဲ့ပါတယ်။

Photo Credit : Goal

ဒီရှုံးပွဲနဲ့ပတ်သက်ပြီး တူဟယ်လ်က “ကျွန်တော်အရိုးသားပြောရမယ်ဆိုရင် အဲ့ဒီပွဲပြီးကတည်းက နောက်ထပ်(၂)ရက်ကြာတဲ့အထိ ကျွန်တော်ဘယ်သူနဲ့မှ စကားပြောဆိုမှု မပြုလုပ်သလို မှောင်မိုက်လွန်းတဲ့ နေရာတစ်ခုမှာ တစ်ယောက်တည်းနေခဲ့တယ်။ ဒီရှုံးပွဲထက် အခြားသော အကြောင်းအရာတွေကိုပဲ ကျွန်တော်စဉ်းစားတွေးတောနေမိတယ်။ ဒီရှုံးပွဲဟာ ကျွန်တော့်နည်းပြဘဝအတွင်းမှာတော့ တကယ့်ကို အဆိုးရွှားဆုံးသော ရှုံးပွဲတစ်ပွဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီလိုရှုံးပွဲမျိုးတွေက ကြုံတွေ့ရဖို့ဆိုတာလည်း ဖြစ်နိုင်ခြေနည်းလွန်းပါတယ်။ ဒီလိုအခြေအနေမျိုးနဲ့ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်လိုက်ရချိန်မှာတော့ (၂)ရက်တာလောက် မှောင်မိုက်သွားခဲ့ရသလို ဖြစ်စေခဲ့ပါတယ်။ အဲ့ဒီပွဲစဉ်(၂)ပွဲလုံးကိုလည်း သင့်အနေနဲ့ ဘယ်လိုမှကို နှိုင်းယှဉ်လို့ရမှာ မဟုတ်ပါဘူး။ ဒီလိုရှုံးပွဲတွေကို မေ့ဖျောက်ဖို့ ခက်ခဲလိမ့်မယ်ဆိုတာကိုလည်း အားလုံးသိထားမှာပါ။ ဒါပေမယ့် ကျွန်တော်ဒါတွေကို အပြောင်းအလဲ လုပ်ပစ်သွားချင်ပါတယ်။ ကျွန်တော်တို့က ပြိုင်ဆိုင်မှုကို နှစ်သက်ပါတယ်။ အနိုင်ရတာကို နှစ်သက်တယ်။ ကျွန်တော်တို့အားလုံးအတွက် တိုက်ပွဲဝင်နေရတာကိုလည်း နှစ်သက်ပါတယ်။ ဒါတွေအားလုံးက တနင်္ဂနွေနေ့ပွဲစဉ်အတွက် ကျွန်တော်မျှော်လင့်ထားတဲ့ အရာတွေပါပဲ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။