လိဒ်စ်ယူနိုက်တက်အသင်းကနေ မန်ချက်စတာစီးတီးအသင်းဆီ ပြောင်းရွှေ့လာခဲ့တဲ့ အင်္ဂလန် ကွင်းလယ်ကစားသမား ကယ်လ်ဗင်ဖီးလစ်က သူ့အနေနဲ့ လိဒ်စ်ကနေ မန်စီးတီးကို မပြောင်းရွှေ့ခင်က လိဒ်စ်အသင်းရဲ့ အခါးသီးဆုံး ပြိုင်ဘက်ဟောင်း မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပြီး သူကိုယ်တိုင်လည်း ဒီလို စိတ်ဝင်စားခံရခြင်းအပေါ် ဂုဏ်ယူမိပေမယ့် မန်ယူနိုက်တက်ကိုတော့ ဘယ်တော့မှ ပြောင်းရွှေ့မှာ မဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Kalvin Phillips is relishing the chance to get underway for Manchester City

Photo Credit : The Sun

အသက်(၂၆)နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ကယ်လ်ဗင်ဖီးလစ်ဟာ ဒီနွေဈေးကွက်ကမှ သူရဲ့ငယ်ဘဝကလပ် လိဒ်စ်ယူနိုက်တက်ကနေ ထွက်ခွာပြီး မန်စီးတီးအသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်(၄၂)သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အခုလို မန်စီးတီး ကစားသမား မဖြစ်လာခင် လိဒ်စ်မှာပဲ ရှိနေစဉ်တုန်းက ဖီးလစ်ကို မန်စီးတီးနဲ့ မန်ယူနိုက်တက် နှစ်သင်းလုံးက စိတ်ဝင်စားခဲ့တာ ဖြစ်ပေမယ့်လည်း ငယ်ငယ်လေးကတည်းက လိဒ်စ်အသင်းမှာ ကျင်လည်ခဲ့တဲ့ ဖီးလစ်ကိုယ်တိုင် လိဒ်စ်အသင်းရဲ့ အခါးသီးဆုံး ပြိုင်ဘက်အသင်းဖြစ်တဲ့ မန်ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ထက် မန်စီးတီးအသင်းဆီကိုပဲ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

The England international is settling in quickly with his new team-mates

Photo Credit : The Sun

နွေဈေးကွက်အတွင်း မန်ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ဖို့ စဉ်းစားဖြစ်ခဲ့မိသေးလားလို့ မေးမြန်းလာခဲ့ရာ ကယ်လ်ဗင်ဖီးလစ်က “ မဖြစ်ပါဘူး။ ကျွန်တော် အဲ့ဒီကိုသွားဖို့အတွက် ဘယ်တုန်းကမှ မစဉ်းစားမိခဲ့ဘူး။ လိဒ်စ်အသင်းအပေါ် လိဒ်စ်အသင်းကို အားပေးနေကြတဲ့ ကျွန်တော့်မိသားစုတွေအပေါ်မှာ ကျွန်တော် သစ္စာစောင့်သိတယ်ဆိုတာကို ခင်ဗျားတို့ သိမှာပါ။ ယူနိုက်တက်လို ကမ္ဘာပေါ်က အကြီးမားဆုံး ကလပ်အသင်းကြီး တစ်သင်းကနေ ကျွန်တော် ခေါ်ယူချင်နေတယ်ဆိုတာကိုတော့ ကျွန်တော် ဂုဏ်ယူမိပါတယ်။ ဒါပေမယ့်လည်း ကျွန်တော် လိဒ်စ်အသင်းအပေါ် သစ္စာရှိနေဖို့အတွက် တခြားသော မန်ချက်စတာအသင်းကိုပဲ ရွေးချယ်လိုက်တယ်။ ကမ္ဘာပေါ်မှာ အကြီးမားဆုံးသော အခွင့်အရေးတွေ ပေးခဲ့တဲ့ သူတွေအပေါ် ကျွန်တော် သစ္စာရှိချင်ပါတယ်။ လိဒ်စ်က ကျွန်တော့်ကို ခေါ်ယူခဲ့တဲ့ ပထမဆုံးအသင်းပါ။ ဒါက ကျွန်တော် လုပ်ရမယ့် အဓိကအရာတွေထဲက တစ်ခုဖြစ်ကြောင်း သေချာစေခဲ့ပါတယ်” လို့ ရှင်းလင်းဖြေဆိုသွားခဲ့ပါတယ်။ မန်စီးတီးကစားသမားသစ် ကယ်လ်ဗင်ဖီးလစ်ဟာ ဒီနေ့မနက်က မက္ကဆီကိုကလပ် ကလပ်အမေရိကအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲမှာ ဒုတိယပိုင်း ပွဲချိန်အတွင်း မန်စီးတီးအတွက် ဝင်ရောက်ကစားသွားခဲ့ပါတယ်။