အီတလီလက်ရွေးစင်အသင်းရဲ့ ဂန္တဝင် နောက်ခံကစားသမားဟောင်းကြီးဖြစ်တဲ့ ဖေဘီယိုကင်နာဗားရိုးက သူအနေနဲ့ လွန်ခဲ့တဲ့ ၂၀၀၆ခုနှစ်တုန်းမှာ ဂျုဗင်တပ်စ်အသင်းကနေ ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့ကစားဖို့ အရမ်းကို နီးစပ်ခဲ့ဖူးသေးတယ်လို့ ဝန်ခံပြောဆိုသွားခဲ့ပါတယ်။
Photo Credit : Football Italia
လက်ရှိမှာ ကစားသမားဘဝကနေ အနားယူထားပြီး နည်းပြတစ်ဦးအဖြစ် ဆောင်ရွှက်နေတဲ့ ကင်နာဗားရိုးဟာ အီတလီလက်ရွေးစင် အသင်းနဲ့အတူ ၂၀၀၆ခုနှစ် ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆွတ်ခူးခဲ့ပြီးနောက် နွေရာသီ အပြောင်းအရွှေ့ စျေးကွက်အတွင်းမှာ လုပ်ပွဲတွေကြောင့် စီးရီးဘီအထိပါ တန်းဆင်းသွားခဲ့ရတဲ့ ဂျုဗင်တပ်စ်အသင်းကနေ ထွက်ခွာပြီး အသင်းပြောင်းဖို့ စီစဉ်လာခဲ့ရာ ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့ဖို့ အလွန်နီးစပ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ အီတလီလူမျိုး နည်းပြကြီး ကာပယ်လ်လို ကိုင်တွယ်နေတဲ့ ရီးယဲလ်မက်ဒရစ်အသင်းကိုသာ ရွေးချယ်ခဲ့ရတယ်လို့ သိရပါတယ်။
Photo Credit : The Sun
ကင်နာဗာရိုးက “ကျွန်တော် ဂျုဗင်တပ်စ်အသင်းမှာ ရှိနေခဲ့စဉ်တုန်းက ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့ဖို့ အရမ်း နီးစပ်ခဲ့ပါတယ်။ ကျွန်တော့် သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကို လာခေါ်ပြီးတော့ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့မလားလို့ မေးတယ်။ သူတို့အသင်းက ကျွန်တော့်ကို စိတ်ဝင်စားနေတယ်ဆိုတာ သိပေမယ့် နောက်ဆုံးမှာတော့ မက်ဒရစ်ကိုပဲ ပြောင်းရွှေ့ဖြစ်ခဲ့တယ်။ သေချာတာကတော့ ဖေဘီယိုကာပယ်လ်လိုက အဲ့ဒီမှာ ရှိနေခဲ့တာကြောင့်ပါ” လို့ ရှင်းလင်းပြောဆိုထားခဲ့ပါတယ်။ ဘာလွန်းဒေါလို့ လူသိများတဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ပိုင်ဆိုင်နိုင်ခဲ့ဖူးတဲ့ တစ်ဦးတည်းသော နောက်ခံကစားသမား ကင်နာဗားရိုးဟာ သူရဲ့ကစားသမားဘဝအတွင်း နာပိုလီ ပါးမား အင်တာမီလန် ဂျုဗင်တပ်စ်တို့လို စီးရီးအေ ကလပ်အသင်းတွေမှာ ကျင်လည်ခဲ့ဖူးသလို ရီးယဲလ်မှာလည်း (၃)နှစ်လောက် ပါဝင်ခဲ့ဖူးပြီး အီတလီအသင်းအတွက်လည်း ပွဲပေါင်း(၁၃၆)ပွဲအထိ ပါဝင်ထားခဲ့ဖူးပါတယ်။ ၂၀၁၁ခုနှစ်မှာကတည်းက ဘောလုံးသမားဘဝကို အနားယူလိုက်တဲ့ ကင်နာဗားရိုးဟာ လက်ရှိ ဘောလုံးနည်းပြအဖြစ် ဆောင်ရွှက်လို့နေပြီး အာရှဒေသရဲ့ ထိပ်တန်းအသင်းတွေနဲ့ တရုတ်လက်ရွေးစင်အသင်းကို ကိုင်တွယ်ထားခဲ့ဖူးသလို လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေပြီး မကြာသေးခင်ကတော့ အဲဗာတန်အသင်းနဲ့ပါ သတင်းတွေ ခပ်သဲ့သဲ့ ထွက်ပေါ်ထားခဲ့ဖူးပါတယ်။