MySport Myanmar

အသင်းဖော် ကာဗယ်လ်ဟိုရဲ့ ခြေစွမ်းတွေကို ချီးကျူးပြောဆိုလိုက်တဲ့ ဖေမီနို

လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ကစားသမား ရောဘတ်တိုဖေမီနိုက ဒီနွေမှ အသင်းကို ရောက်ရှိလာခဲ့တဲ့ လူငယ် ကွင်းလယ်ကစားသမားလေး ဖာဘီယိုကာဗယ်လ်ဟိုရဲ့ စွမ်းဆောင်ရည်တွေကို ချီးမွမ်းပြောဆိုလိုက်ပြီး သူနဲ့ ကာဗယ်လ်ဟိုတို့ဟာလည်း အခုဆိုရင် အလွန် ရင်းနှီးကျွမ်းဝင်နေကြပြီလို့ ပြောကြားသွားခဲ့ပါတယ်။

Photo Credit : The Liverpool Offside

အသက်(၂၀)အရွယ်ရှိ ပေါ်တူဂီ ကွင်းလယ်ကစားသမားလေး ကာဗယ်လ်ဟိုဟာ အခုနှစ် နွေဈေးကွက်အတွင်းမှာပဲ ဖူလ်ဟမ်ကနေ လီဗာပူးလ်အသင်းဆီကို (၅)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး မနှစ်က လိဂ်ချန်ပီယံရှစ်မှာ ချန်ပီယံဖြစ်ခဲ့တဲ့ ဖူလ်ဟမ်အတွက်ကိုလည်း (၁၀)ဂိုး သွင်းယူကာ (၈)ဂိုး ဖန်တီးခဲ့သလို အသင်းရဲ့ key player အဖြစ်နဲ့ အကောင်းဆုံး စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။ ဒီကစားသမားလေးကို လီဗာပူးလ်က ၂၀၂၂ခုနှစ် ဇန်နဝါရီလမှာပဲ ခေါ်ယူဖို့ လုပ်ဆောင်ခဲ့ပေမယ့် နွေဈေးကွက်မှသာ ယူရို(၆.၄၉)သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ လီဗာပူးလ်အတွက် (၇)ပွဲထိ ပါဝင်ခဲ့သလို ပရီးမီးယားလိဂ်သွင်းဂိုးလည်း (၂)ဂိုးထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

Photo Credit : Yahoo Sports UK

ကာဗယ်လ်ဟိုနဲ့ ပတ်သတ်ပြီး ဖေမီနိုက “သူက ကစားသမားကောင်းတစ်ဦးပါ။ သူ လီဗာပူးလ်ကို ရောက်မလာခင်ကတည်းက သူရဲ့ ကစားဟန် ဗီဒီယိုတွေကို ကြည့်ဖူးခဲ့တယ်ဆိုတာ ကျွန်တော် ဝန်ခံပါတယ်။ ဒါကြောင့် ကျွန်တော်က သူ့ကစားပုံကို အရင်ကတည်းက သဘောကျမိပြီးသားပါ။ သူက ကြယ်ပွင့်တစ်ဦးပါ။ ထိပ်တန်းကစားသမားတစ်ယောက်လည်းဖြစ်ပြီး အခုအချိန်မှာတော့ သူက ကျွန်တော်နဲ့ အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတစ်ဦးလည်း ဖြစ်နေပါပြီ။ သူ လီဗာပူးလ်မှာ ရှိနေတာ ဝမ်းသာပါတယ်။ ပြီးတော့ သူက သူရဲ့ သွင်းဂိုးတွေ ဂိုးဖန်တီးမှုတွေ နဲ့ သူရဲ့ ကွင်းအတွင်း စွမ်းဆောင်မှုတွေက ကျွန်တော်တို့ကို အများကြီး ကူညီပေးမှာပါ” လို့ ချီးမွမ်းပြောဆိုသွားခဲ့ပါတယ်။ ကစားသမားသစ်လေး ကာဗယ်လ်ဟိုဟာ အခုအချိန်ထိ င်္လီဗာပူးလ်အသင်းအတွက် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ရခြင်း မရှိသေးပဲ ပွဲတိုင်း အရန်ကစားသမားအဖြစ်နဲ့သာ လူစားဝင် ကစားခဲ့ရသလို ဘုန်းမောက်ကို ဂိုးပြတ်နိုင်တဲ့ပွဲမှာ ပွဲဦးထွက်ဂိုး သွင်းယူခဲ့သလို နယူးကာဆယ်နဲ့ပွဲမှာလည်း သူရဲ့ ပွဲသိမ်းသွင်းဂိုးနဲ့ လီဗာပူးလ်ကို နိုင်ပွဲရယူပေးခဲ့ပါတယ်။ လက်ရှိမှာတော့ ကြွက်သားဒဏ်ရာ ခံစားနေရတဲ့ ကာဗယ်လ်ဟိုဟာ နာပိုလီနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်ထားပြီး အိုင်းယတ်စ်နဲ့ ပွဲကိုပါ ဆက်လက် လွဲချော်ရဖွယ် ရှိနိုင်ပါတယ်။

Exit mobile version