MySport Myanmar

သူ လိုချင်နေတာ ဂိုးတွေမဟုတ် ဆုဖလားတွေသာ ဖြစ်တယ်လို့ ဖာနန်ဒက်စ် ပြောဆို

မနေ့ညက ဘရန့်ဖို့ဒ်အသင်းကို (၃)ဂိုးပြတ်နဲ့ အနိုင်ယူခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ ပေါ်တူဂီ ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်က အခုဆိုရင် ယူနိုက်တက်အတွက် သူသွင်းယူပေးခဲ့တဲ့ စုစုပေါင်း သွင်းဂိုးအရေအတွက်ဟာ ဂိုး(၅၀)မြောက်အထိ ဖြစ်လာခဲ့ရပေမယ့်လည်း သူလိုချင်နေတာ ဂိုးတွေမဟုတ်ပဲ ဆုဖလားတွေသာ ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Republika

အသက်(၂၇)နှစ်အရွှ့ယ်ရှိ ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ဟာ စပို့တင်းလစ္စဘွန်းကနေ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ၂၀၂၀ ဇန်နဝါရီကနေ စတင်ပြီး သူရဲ့ပထမရာသီမှာ အသင်းအတွက် သွင်းဂိုး(၁၂)ဂိုး ဒုတိယရာသီ full season မှာ သွင်းဂိုး (၂၈)ဂိုးနဲ့ ဒီနှစ်ရာသီ လက်ရှိအချိန်ထိ သွင်းဂိုး(၁၀)ဂိုး စုစုပေါင်းသွင်းဂိုး (၅၀)အထိ သွင်းယူနိုင်ခဲ့ပါတယ်။ ကွင်းလယ်လူတစ်ဦးအတွက် သွင်းဂိုး(၅၀)ထိ သွင်းယူနိုင်ခဲ့တာဟာ အရမ်းများပြားလွန်းတဲ့ ပမာဏလို့ ဆိုရမှာဖြစ်ပေမယ့်လည်း ယူနိုက်တက်နဲ့တော့ ဆုဖလား အောင်မြင်မှုတွေက လုံးဝရှိမနေပဲ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာသာ ယူရိုပါလိဂ် ဖိုင်နယ်ထိ တတ်လှမ်းထားနိုင်ခဲ့ပါတယ်။

Photo Credit : Goal

ဆုဖလား အောင်မြင်မှုတွေ ကင်းမဲ့နေတာနဲ့ ပတ်သက်ပြီး ဖာနန်ဒက်စ်က “အဲ့ဒါက ယူနိုက်တက်အတွက် ဂိုးတွေစပြီး သွင်းယူနေကတည်းကနေ အချိန်အတန်ကြာထိ ဖြစ်နေရတာပါ။ အသင်းအတွက် ဂိုးတွေ သွင်းယူနိုင်တဲ့အပေါ်မှာ သိသိသာသာ ပျော်ရွှင်နေရတယ် ဆိုပေမယ့်လည်း အဲ့ဒီသွင်းဂိုး အရေအတွက်တွေက ကျွန်တော့်အတွက် သိပ်အရေးမကြီးပါဘူး။ ကျွန်တော် ရေတွက်ချင်နေတာက ဆုဖလား အရေအတွက်တွေကိုပါ။ သွင်းဂိုးတွေကို မဟုတ်ပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ ကစားသမားဘဝအတွင်းမှာ သူရဲ့အသင်းဟောင်း စပို့တင်းလစ္စဘွန်းနဲ့အတူ ပြည်တွင်းရှုံးထွက်ဖလား (၂)ခုနဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့လည်း UEFA Nations League ဖလားကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ဖာနန်ဒက်စ်ဟာ သူရဲ့လက်ရှိကလပ် ယူနိုက်တက်အသင်းနဲ့တော့ ဆုဖလား အောင်မြင်မှုတွေ လုံးဝကို မရယူနိုင်သေးတဲ့အပေါ် စိတ်ပျက်လျက် ရှိနေရပြီး ဒီရာသီမှာလည်း ဖလားလက်မဲ့ ရာသီအဖြစ် ဆက်လက်ဖြတ်သန်းရမှာကိုလည်း အားမလို အားမရ ဖြစ်နေပါတယ်။ ယူနိုက်တက်အနေနဲ့ ဒီရာသီမှာ အဆင့်ရပ်တည်မှု အကောင်းဆုံး ဖြစ်နေရအောင် လက်ကျန်(၂)ပွဲမှာ ရလဒ်ကောင်းဖို့ လိုအပ်ကြောင်းနဲ့ ရာသီကုန်သွားမှသာ နောက်ရာသီသစ်အတွက် စဉ်းစားရမှာဖြစ်ကြောင်း ဖာနန်ဒက်စ်က ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version