လတ်တလောမှာ လီဗာပူးလ် စပါးအသင်းတို့လို ပရီးမီးယားလိဂ် ထိပ်တန်းကလပ်အသင်းတွေနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်လျက်ရှိနေတဲ့ အေစီမီလန်အသင်းရဲ့ အိုင်ဗရီကို့စ် ကွင်းလယ်ကစားသမား ဖရန့်ကတ်ဆီးက သူအနေနဲ့ နွေရာသီစျေးကွက်အတွင်း အသင်းပြောင်းဖို့ လုံးဝဆန္ဒမရှိပဲ အေစီမီလန်အသင်းမှာပဲ အချိန်ကြာရှည်စွာ ဆက်လက်ရှိနေသွားချင်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Bein Sports

အသက်(၂၄)နှစ်အရွှယ်ရှိ အိုင်ဗရီကို့စ် ကွင်းလယ်ကစားသမား ဖရန့်ကတ်ဆီးဟာ အတ္တလန်တာအသင်းမှာ သူရဲ့စီနီယာကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး ၂၀၁၉ခုနှစ်မှာပဲ အေစီမီလန်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ မီလန်ရဲ့ အဓိက ကွင်းလယ်လူတစ်ယောက် ဖြစ်လို့နေတဲ့ ကတ်ဆီးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး မီလန်အသင်းကိုလည်း အသင်းနဲ့ (၈)နှစ်နီးပါးလောက် ဝေးကွာနေရတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် ပြန်လည်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကတ်ဆီးဟာ မီလန်အသင်းနဲ့ ၂၀၂၂ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေတော့တာဖြစ်ပြီး သက်တမ်းတိုးဖို့ကလည်း ဆက်လက်လုပ်ဆောင်ဆဲသာ ရှိနေပါသေးတယ်။

Photo Credit : Goal

ဒီလိုအခြေအနေမှာ ကတ်ဆီးကို လီဗာပူးလ်အသင်းနဲ့ စပါးအသင်းတို့ကနေ ခေါ်ယူသွားဖို့ ချိတ်ဆက်မှုတွေ လုပ်ဆောင်လာခဲ့ပေမယ့်လည်း ကတ်ဆီးကတော့ အသင်းပြောင်းဖို့ထက် မီလန်မှာပဲ ဆက်လက်ရှိသွားမှာ ဖြစ်တယ်လို့ ပြောဆိုလာခဲ့ပါတယ်။ ကတ်ဆီးက “မီလန်ကို ရွေးချယ်မိခဲ့တဲ့အပေါ် ကျွန်တော် ဂုဏ်ယူမိတယ်။ အသင်းကနေ ထွက်ခွာသွားဖို့ဆိုတာကတော့ စိတ်ကူးကို မရှိပါဘူး။ ရှင်းရှင်းလင်းလင်း ပြောရမယ်ဆိုရင် ကျွန်တော်မီလန်မှာ အမြဲတမ်းကို ရှိနေချင်တာပါ။ ကျွန်တော် အိုလံပစ်ပြိုင်ပွဲကနေ ပြန်လာချိန်မှာလည်း ကျွန်တော်ရဲ့ စာချုပ်ကိစ္စအတွက် ဆက်လက်ဆောင်ရွှက်သွားမှာပါ။ ကျွန်တော် ဘယ်ကိုမှ မသွားချင်ပါဘူး။ မီလန်မှာပဲ ဆက်လက်ရှိနေချင်ရုံလေးပါပဲ။ ကျွန်တော်ရဲ့ အတွေးအားလုံးကိုလည်း အသင်းရဲ့ အားကစားဒါရိုက်တာ ပေါ်လိုမာလ်ဒီနီက အသိဆုံးပါ။ ကျွန်တော် မီလန်အသင်းရဲ့ အရေးပါ အရာရောက်တဲ့ လူတစ်ယောက်တောင် ဖြစ်ချင်တာပါ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ကတ်ဆီးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက မီလန်အသင်းအတွက် စီးရီးအေပြိုင်ပွဲအတွင်း သွင်းဂိုး(၁၃)ဂိုးအထိကို သွင်းယူနိုင်ခဲ့ပြီး (၆)ဂိုးအထိကို ဖန်တီးနိုင်ခဲ့ကာ အတော်လေးကို ခြေစွမ်းပြနိုင်ခဲ့ပါတယ်။