ကာတာကလပ် အယ်လ်ဆတ်ဒ်အသင်းရဲ့ လက်ရှိနည်းပြ ဇာဗီဟာနန်ဒက်ဇ်က အယ်လ်ဆတ်ဒ်အသင်းနဲ့ အယ်လ်ဒူဟေးလ်အသင်းတို့ (၃)ဂိုးစီနဲ့ သရေကျခဲ့တဲ့ ပွဲစဉ်အပြီးမှာ သူရဲ့အသင်းဟောင်း ဘာစီလိုနာအသင်းနဲ့ပတ်သက်ပြီး ထွက်ပေါ်လျက်ရှိနေတဲ့ သတင်းတွေအတွက် ပြောဆိုလာခဲ့ရာမှာ သူအနေနဲ့ ဘာစီလိုနာအသင်းဆီကို နည်းပြတစ်ဦးအဖြစ် ပြန်သွားချင်မိကြောင်း ဒီလိုဖြစ်လာဖို့ကိုလည်း မျှော်လင့်ထားပါကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : SportMob

ဒီနှစ်ဘောလုံးရာသီမှာ ရလဒ်ပိုင်း ဆိုးရွှားလျက်ရှိနေသလို အသင်းကို ကောင်းကောင်း မကိုင်တွယ်နိုင်ခဲ့တဲ့ နည်းပြရော်နယ်ကိုးမန်းကို အသင်းကနေ ထုတ်ပယ်လိုက်ပြီးနောက်မှာ ဘာစီလိုနာအသင်းက ကိုးမန်းနေရာအတွက် အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်း ဇာဗီကို အစားထိုး ခန့်အပ်သွားဖို့ အဓိကထား ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဇာဗီက လက်ရှိမှာ အယ်လ်ဆတ်ဒ်ဆိုတဲ့ ကာတာကလပ်အသင်းကို တာဝန်ယူ ကိုင်တွယ်နေရတာကြောင့် သူအသင်းဟောင်းကို ပြန်သွားချင်တာတောင် အဆင်မပြေ ဖြစ်နေရပြီး လက်ရှိမှာ ဘာစီလိုနာရဲ့ အသင်းအမှုဆောင်ကိုယ်တိုင် ကာတာမှာ ဇာဗီ အယ်လ်ဆတ်ဒ်အသင်းတွေနဲ့ လာရောက်ဆွေးနွေးမှုတွေ လုပ်ဆောင်နေတာကြောင့် ဒီဆွေးနွေးမှုကို အဆင်ပြေစေနိုင်ဖို့ ဇာဗီက မျှော်လင့်နေတာ ဖြစ်ပါတယ်။

Photo Credit : Techno Trenz

ဇာဗီက “ကျွန်တော် ဘာစီလိုနာအသင်းနဲ့ ရက်အတော်ကြာ စကားပြောဆိုခဲ့ပြီးပါပြီ။ ကျွန်တော်တို့ကြားက ကိစ္စတွေကတော့ ပြီးမြောက်သွားခဲ့ပါပြီ။ ဒါပေမယ့် အခုက ကလပ်အသင်း(၂)သင်းရဲ့ကြား ဆွေးနွေးညှိနှိုင်းတွေပေါ်မှာပဲ မူတည်နေတော့တာပါ။ သူတို့တွေ သဘောတူညီချက်တစ်ခု ရရှိဖို့ လိုအပ်ပါတယ်။ ဘာစီလိုနာကလည်း ဆွေးနွေးဖို့အတွက် ဒီကို လာနေပြီ။ ဒါကို ကျွန်တော်တို့အားလုံးက စိတ်အားထက်သန်ပြီး စိတ်လှုပ်ရှားနေရတယ်။ ပြီးမြောက်သွားနိုင်မလားဆိုတာလည်း စောင့်ကြည့်ရပါမယ်။ ကျွန်တော် အိမ်ကို တကယ်ပြန်ချင်နေပါပြီိ။ အဲ့ဒီလို ဖြစ်လာဖို့ကိုလည်း မျှော်လင့်နေပါတယ်။ ကျွန်တော်က အယ်လ်ဆတ်ဒ်နဲ့ စာချုပ်ရှိထားတာဖြစ်ပြီးတော့ ကလပ်အသင်းတွေကြားမှာသာ ညှိနှိုင်းဖို့ပဲ လိုတော့တာပါ။ သူတို့တွေက ကျွန်တော်ရဲ့ အခြေအနေကို သိထားပြီးသားပါ” လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ဇာဗီအနေနဲ့ သူရဲ့ကလပ်အသင်းဟောင်း ဘာစီလိုနာအသင်းမှာ နည်းပြတစ်ဦးအဖြစ် တာဝန်ယူ ဆောင်ရွှက်နိုင်မလားဆိုတာက သူရဲ့လက်ရှိကလပ် အယ်လ်ဆတ်ဒ်အသင်းရဲ့ ဆုံးဖြတ်ချက်ပေါ်မှာ မူတည်လို့နေပြီး နိုင်ငံတကာ ရက်သတ္တပတ်အပြီးလောက်မှာ ဇာဗီကို ဘာစီလိုနာနည်းပြသစ်အဖြစ် မြင်တွေ့လာရနိုင်တယ်လို့ သတင်းမီဒီယာများစွာကနေ ခန့်မှန်းသုံးသပ်နေကြပါတယ်။