ဗလန်စီယာအသင်းရဲ့ညာတောင်ပံကစားသမား ဖာရန် တောရက်စ်က စံထားရတဲ့ ကစားသမား (၂) ယောက် ရှိပြီး တစ်ယောက်က ဒေးဗစ် ဗီလာ နဲ့ နောက်တစ်ယောက်က ရော်နယ်ဒိုတို့ဖြစ်ပြီး ရော်နယ်ဒိုရဲ့ ခြေရာကို နင်းချင်တယ်လို့လည်း BBC Sport မှာ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ အသက် (၂၀) အရွယ် ဖာရန် တောရက်စ်ကို မန်စီးတီးအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး မန်စီးတီးအသင်းအနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းသွားခဲ့တဲ့ ဆာနေးရဲ့ နေရာကို အစားထိုးဖို့အတွက် ဖာရန် တောရက်စ်ကို (၅) နှစ်ကြာ စာချုပ်နဲ့ ခေါ်ယူချင်လျက် ဖြစ်ပါတယ်။

Photo Credit: Dailymail

စပိန်သား တောင်ပံ ကစားသမား တောရက်စ်ဟာ လက်ရှိရာသီမှာ လာလီဂါ ပွဲစဉ် (၃၄) ပွဲအထိ ကစားထားရာမှာ သွင်းဂိုး (၄) ဂိုး သွင်းယူထားခဲ့တာ ဖြစ်ပြီး ဗလန်စီယာအသင်းနဲ့ နောက်ဆုံးနှစ် စာချုပ်ကို ရောက်ရှိနေတာကြောင့် မန်စီးတီးအသင်းကို ပြောင်းရွှေ့သွားနိုင်ချေ များနေပါတယ်။ မန်စီးတီးအသင်းဟာ တောရက်စ်ကို အပိုဆုကြေး အပါအဝင် ပေါင် (၂၁) သန်းနဲ့ ခေါ်ယူချင်နေတာ ဖြစ်ပြီး ဖာရန် တောရက်စ်ကတော့ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုကို သဘောကျရတာဟာ ထိုက်တန်ပြီး သူ့ရဲ့ ခြေရာကို နင်းချင်ပါတယ်လို့ အခိုင်အမာ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Dailymail

BBC Sport မှာ ဖာရန် တောရက်စ်က “ကျွန်တော် အသက်ငယ်ငယ်ကတည်းက လူ နှစ်ဦးကိုပဲ အဓိက စံထားခဲ့ပါတယ်။ ပထမတစ်ဦးက ကျွန်တော် အသက်ငယ်တဲ့ အချိန်မှာ ဗလန်စီယာကို ရောက်လာတဲ့ ဒေးဗစ် ဗီလာ ဖြစ်ပါတယ်။ ဒေးဗစ် ဆေးလ်ဗား နဲ့ ဒေးဗစ် ဗီလာက ဗလန်စီယာ အသင်းကို ကြီးမားတဲ့ အမြင့်ကို ခေါ်ဆောင်သွားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ ရော်နယ်ဒိုက အခြား စံထားရတဲ့ သူတွေရဲ့ အထက်မှာ ရှိပါတယ်။ ကျွန်တော် သူ့ကို စံထားတာက သူ့ရဲ့ ဘောလုံး ကစားဟန် တစ်ခုကြောင့် မဟုတ်ဘဲ ဘောလုံးမှာ စိတ်နှစ်ထားမှုတွေကြောင့်ပါ။ သူ့ကို သဘောကျရတာက ထိုက်တန်ပြီး သူ့ရဲ့ ခြေရာကို နင်းချင်ပါတယ်”လို့ ပြောသွားပါတယ်။