မနေ့ညက ကျင်းပသွားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် လက်ကျန်နောက်ဆုံးပွဲစဉ်မှာတော့ မန်စီးတီးအသင်းနဲ့ လိုင်ယွန်အသင်းတို့ ရင်ဆိုင်ကစားသွားခဲ့ကြပြီး လိုင်ယွန်အသင်းက အံ့အားသင့်ဖွယ်ရလဒ်နဲ့အတူ မန်စီးတီးကို (၃)ဂိုး(၁)ဂိုးနဲ့ အနိုင်ယူခဲ့ကာ ဆယ်နှစ်ကျော်ကြာ ဝေးကွာနေရတဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို တတ်လှမ်းခွင့်ရသွားခဲ့ပါတယ်။ မန်စီးတီးကတော့ နည်းပြပတ်ဂွာဒီယိုလာလက်အောက် ချန်ပီယံလိဂ်မှာ အောင်မြင်မှုရယူဖို့ကို နောက်ထပ်တစ်ကြိမ် ထပ်မံလွဲချော်ခဲ့ရပြန်ပါတယ်။

Photo Credit : Twitter

ဒီပွဲစဉ်မှာ ဂွာဒီယိုလာက သုံးလေ့သုံးထမရှိတဲ့ (၃)ယောက်တန်း ခံစစ်တန်းနဲ့ Wing-back တွေကို အသုံးပြုလာခဲ့သလို ဂိုးရဖို့ လိုအပ်နေချိန်မှာလည်း ဖေးလ်ဖိုဒန်နဲ့ ဘာနာဒိုဆေးဗားတို့လို ကစားသမားတွေကို အသုံးပြုလာခြင်းမရှိတဲ့အတွက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခံခဲ့ရပါတယ်။ ဒီနည်းစနစ်တွေနဲ့ပတ်သက်ပြီး ဂွာဒီယိုလာက သူပြင်ဆင်လာခဲ့တဲ့ပုံစံဟာ သူတို့အသင်းရဲ့အားနည်းချက်တွေကို တဖက်အသင်းက အသုံးချလို့မရအောင် ကာကွယ်တဲ့အနေနဲ့ အသုံးပြုခဲ့တာဖြစ်တယ်လို့ ပြန်လည်ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Twitter

နည်းစနစ်နဲ့ပတ်သက်ပြီး ဂွာဒီယိုလာက BT Sports နဲ့ အင်တာဗျူးအတွင်းမှာ “မဟုတ်ဘူး။ ကျွန်တော်က ကျွန်တော်တို့ရဲ့အားသာချက်ထက် အားနည်းချက်တွေကို အကာအကွယ်ပြုဖို့အတွက်ပဲ ကြိုးစားခဲ့တာပါ။ သူတို့က မယုံကြည်နိုင်စရာကောင်းလောက်တဲ့ ရွှေ့လျားမှုတွေနဲ့ ကျွန်တော်တို့ကို ဒုက္ခပေးနိုင်ခဲ့တာ။ ပထမပိုင်း (၁၅)မိနစ် မိနစ်(၂၀)လောက်အပြီးမှာတော့ ကျွန်တော်တို့ရဲ့တိုက်စစ်လမ်းကြောင်းတွေကို ပိတ်ဆို့ဟန့်တားခံလာရတယ်။ တိုက်စစ်မှာ နေရာလွတ်တွေကိုလည်း ရှာရခက်လာပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့တွေ အခွင့်အရေးတွေများစွာ ဖန်တီးလာနိုင်တယ်။ အရမ်းကောင်းတဲ့ သွင်းဂိုးတစ်ဂိုးကိုလည်း ရခဲ့တယ်။ နောက်ထပ်အခွင့်အရေးကောင်းတစ်ခုကတော့ ကံဆိုးစွာနဲ့ပဲ လွဲချော်ခဲ့ရပါတယ်။ ဒီလိုအခြေအနေမျိုးက နောက်ထပ်ချေပဂိုးတစ်ဂိုးရပြီး အချိန်ပိုထိ ဆက်လက်ကစားခဲ့သင့်တာ။ ဒါပေမယ့် တတိယဂိုးကိုပဲ ထပ်မံခွင့်ပြုပေးခဲ့ရတယ်။ တစ်နေ့တော့ ကျွန်တော်တို့တွေ ဆီမီးဖိုင်နယ်ကို တတ်လှမ်းဖြစ်အောင်နဲ့ ချန်ပီယံလိဂ်မှာ အောင်မြင်မှုရအောင် ကြိုးစားသွားပါမယ်” လို့ ဖြေရှင်းပြောဆိုသွားခဲ့ပါတယ်။ ဂွာဒီယိုလာဟာ မန်စီးတီးအသင်းကို ကိုင်တွယ်ခဲ့ပြီးနောက် ပြည်တွင်းမှာသာ အောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့ပေမယ့် ဥရောပအောင်မြင်မှု ရယူနိုင်ဖို့တော့ အတော်လေးကို ရုန်းကန်နေခဲ့ရပါတယ်။