မနေ့ညက Friday Night မှာ ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ နယူးကာဆဲလ်ယူနိုက်တက်အသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ မန်စီးတီးအသင်းအတွက် ဟက်ထရစ်သွင်းယူပေးနိုင်ခဲ့တဲ့ စပိန်တိုက်စစ်ကစားသမားလေး ဖယ်ရန်တောရက်စ်နဲ့ ထူးထူးခြားခြား အသင်းအတွက် ပါဝင်ကစားခွင့် ရရှိခဲ့တဲ့ ဝါရင့်ဂိုးသမားကြီး စကော့ကာဆင်တို့ (၂)ယောက်လုံးဟာ စံချိန်မှတ်တမ်းကောင်းတွေကို အသီးသီးပိုင်ဆိုင်သွားခဲ့ရပါတယ်။

Photo Credit : Twitter

မန်စီးတီးအသင်းရဲ့ တတိယဦးစားပေး ဂိုးသမားတစ်ယောက်ဖြစ်ပြီး အသင်းအတွက် တစ်ပွဲတစ်လေကိုမှ ပါဝင်ရခြင်းမရှိတဲ့ ဝါရင့်ဂိုးသမားကြီး စကော့ကာဆင်ဟာ နယူးကာဆဲလ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှတော့ သူရဲ့မန်စီးတီးကစားသမားဘဝ ပထမဆုံးသော ပွဲအဖြစ် ပါဝင်လာခဲ့ရပါတယ်။ ကာဆင်ဟာ လွန်ခဲ့တဲ့ ၂၀၁၁ခုနှစ် မေလကတည်းက ပရီးမီးယားလိဂ်ပွဲတွေနဲ့ ဝေးကွာနေခဲ့တာဟာ ရက်ပေါင်း (၃၆၄၅)ရက်အထိကို ရှိခဲ့ရပြီး အခုမှသာ သူ့အတွက် ပရီးမီးယားလိဂ်ပွဲအဖြစ် ပြန်လည်ကစားခဲ့ရတာဖြစ်လို့ ပရီးမီးယားလိဂ် သမိုင်းကြောင်းတလျှောက်မှာ ရက်ပေါင်းများစွာ အကြာမှ ပြန်ကစားခွင့်ရတဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ရပါတယ်။

Photo Credit : Twitter

စကော့ကာဆင်လိုပဲ အခုပွဲစဉ်မှာ ပွဲထွက်ခွင့်ရလာခဲ့တဲ့ စပိန်တိုက်စစ်ကစားသမားလေး ဖယ်ရန်တောရက်စ်ဟာလည်း အသင်းအတွက်ကို ပထမဆုံးသော ဟက်ထရစ် သွင်းယူပေးနိုင်ခဲ့ပြီး နိုင်ပွဲရအောင်လည်း စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် တောရက်စ်ဟာ နည်းပြ ပတ်ဂွာဒီယိုလာလက်အောက်မှာ ပါဝင်ကစားနေတဲ့ ကစားသမားတွေထဲကမှ အသက်အငယ်ဆုံးသော ဟက်ထရစ်သွင်းယူပေးနိုင်ခဲ့တဲ့ ကစားသမားအဖြစ်နဲ့ပါ မှတ်တမ်းဝင်သွားခဲ့ပါတယ်။ အရင်တုန်းက ဂွာဒီယိုလာရဲ့ တပည့်တွေထဲကမှ လီယွန်နယ်မက်ဆီက အသက်(၂၂)နှစ်အရွှယ်နဲ့ ဟက်ထရစ်သွင်းယူနိုင်ခဲ့တာကြောင့် ဒီစံချိန်ကို ပိုင်ဆိုင်ခဲ့ပေမယ့်လည်း အခုလက်ရှိမှာတော့ အသက်(၂၁)နှစ်အရွှယ်သာရှိနေသေးတဲ့ စပိန်ကြယ်ပွင့်လေး ဖယ်ရန်တောရက်စ်က ချေဖျက်သွားခဲ့ပါတယ်။ ဒီရာသီမှ မန်စီးတီးအသင်းဆီကို ရောက်ရှိလာခဲ့တဲ့ စပိန်တိုက်စစ်ကစားသမား ဖယ်ရန်တောရက်စ်ဟာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုးစုစုပေါင်း (၁၃)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု (၃)ကြိမ် ပြုလုပ်ထားပါတယ်။