ချယ်လ်ဆီးအသင်းရဲ့ နည်းပြ သောမတ်စ်တူဟယ်လ်က ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာသာ စပါးအသင်းရဲ့ အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူး ဟာရီကိန်းကို အလိုရှိနေတဲ့ ကလပ်အသင်းဖြစ်တဲ့ မန်စီးတီးအသင်းကနေသာ ခေါ်ယူနိုင်ဖြစ်ခဲ့မယ်ဆိုရင်လည်း သူတို့အနေနဲ့ မန်စီးတီးအသင်းရဲ့ လူအင်အားကို ကြောက်လန့်နေမှာ မဟုတ်သလို ဘယ်အသင်းကမှကိုလည်း ကြောက်နေစရာ မရှိဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit : Goal

ဝါရင့် တိုက်စစ်မှူးကြီး ဆာဂျီယိုအဂွဲရိုးကို ဘာစီလိုနာအသင်းဆီ လက်လွတ်ထားခဲ့ရတဲ့ မန်စီးတီးအသင်းဟာ တိုက်စစ်ပိုင်းအတွက် ပရီးမီးယားလိဂ်ရဲ့ ကြယ်ပွင့်ကစားသမား ဟာရီကိန်းကို ခေါ်ယူချင်ခဲ့တာ ဖြစ်ပေမယ့်လည်း အဆင်မပြေနိုင်ခဲ့တာကြောင့် လက်လျော့လိုက်ရတာ ဖြစ်ပါတယ်။ ကိန်းကို ခေါ်ယူချင်တဲ့ အသင်းတွေထဲမှာ မန်စီးတီးအပါအဝင် ချယ်လ်ဆီးအသင်းလည်း ပါဝင်ခဲ့တယ်လို့ သတင်းတွေကနေ ဖော်ပြထားခဲ့ပေမယ့် ချယ်လ်ဆီးနည်းပြ တူဟယ်လ်ကတော့ သူတို့အသင်းအနေနဲ့ ကိန်းကို ခေါ်ယူနိုင်ဖို့က လုံးဝကို မနီးစပ်ခဲ့ဘူးလို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။

Photo Credit : Football London

မန်စီးတီးအသင်းနဲ့ စပါးတိုက်စစ်မှူး ဟာရီကိန်းတို့ရဲ့ အပြောင်းအရွှေ့ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး တူဟယ်လ်က “ကျွန်တော်ကတော့ ဒီအပြောင်းအရွှေ့ကို ဖြစ်သွားလိမ့်မယ်လို့ ထင်ထားခဲ့မိတာ။ ဖြစ်သွားခဲ့ရင်လည်း ကျွန်တော် ကြောက်လန့်နေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကိန်းသာ မန်စီးတီးအသင်းဆီကို ရောက်ရှိ်သွားခဲ့မယ်ဆိုရင် မန်စီးတီးအသင်းရဲ့ ကစားဟန်တွေ ဘယ်လိုအပြောင်းအလဲ ဖြစ်သွားမလဲဆိုတာကိုတော့ ကျွန်တော် တကယ်ကို စိတ်ဝင်စားမိတယ်။ ကျွန်တော်တို့အနေနဲ့ ဘယ်အသင်းကိုမှ မကြောက်နေပါဘူး။ ကျွန်တော်တို့အနေနဲ့ ဘယ်အသင်းနဲ့မဆို ယှဉ်ပြိုင်မှုအားလုံးကို လက်ခံတယ်။ မန်စီးတီး မန်ယူ လီဗာပူးလ်အသင်းတွေဆိုတာက ဒီလိဂ်ပြိုင်ပွဲမှာ တခြားသော ကလပ်အသင်းတွေထက်ကို လူအင်အားတောင့်တင်းလှတဲ့ အသင်းတွေပါ။ ကျွန်တော်ကိုယ်တိုင် ဒီလိုအသင်းတွေနဲ့ပဲ ယှဉ်ပြိုင်သွားချင်တယ်။ ဒီအသင်းတွေကလည်း အကောင်းဆုံးသော ကစားသမားတွေကို အသင်းဆီ ရောက်ရှိလာဖို့အတွက် အပြိုင််ကြိုးပမ်းကြတယ်ဆိုတာကလည်း ပုံမှန်ပါပဲ။ ကိန်းအနေနဲ့ လက်ရှိ စပါးအသင်းမှာပဲ ဆက်လက်ရှိနေရတာကိုလည်း ကျွန်တော် ဝမ်းမြောက်မိတယ်။ ဘာကြောင့်လဲဆိုတော့ ဘောလုံးလောကအတွင်း ကလပ်အသင်း တစ်သင်းတည်းမှာပဲ ကစားနေကြတဲ့ ကစားသမား အနည်းငယ်ထဲမှာ သူလည်း ပါဝင်နေလို့ပါ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။