လီဗာပူးလ်အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းကြီးတစ်ဦးဖြစ်တဲဲ့ ဖေးလ်သွမ်မဆန်က အသင်းအနေနဲ့ လိုက်ပ်ဇစ်အသင်းရဲ့ ဂျာမန်လက်ရွေးစင် တိုက်စစ်ကစားသမား တီမိုဝါနာကို မခေါ်ယူနိုင်ခဲ့ပဲ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်း ချယ်လ်ဆီးအသင်းရဲ့ လက်ဦးမှုကို ခံလိုက်ရတာဟာ အရမ်းကို မှားယွင်းကြောင်းနဲ့ အသင်းက အခုလို အမြင့်ဆုံးရှိနေတဲ့အချိန်မျိုးမှာ ကစားအင်အားကိုလည်း မြင့်တင်ဖို့လိုအပ်ကြောင်း သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၂၄)နှစ်အရွှယ် ဂျာမန်တိုက်စစ်ကစားသမား ဝါနာဟာ ဖေဖော်ဝါရီလနောက်ပိုင်းကတည်းက လီဗာပူးလ်အသင်းနဲ့ အပြောင်းအေရွှေ့ကောလဟာလသတင်းတွေ ဆက်တိုက်ထွက်ပေါ်ခဲ့တာဖြစ်ပေမယ့်လည်း တကယ်တမ်းမှာတော့ ဝါနာအတွက် ပေးချေရမယ့် စာချုပ်လျော်ကြေး ပေါင်(၅၃)သန်းကို လီဗာပူးလ်ဘက်ကနေ ပေးချေလိုခြင်းမရှိတာကြောင့် အပြောင်းအရွှေ့က ဖြစ်လာမခဲ့တဲ့အပြင် ဒီအခြေအနေကို ချယ်လ်ဆီးအသင်းကနေ ကြားဖြတ်အခွင့်ကောင်းယူနိုင်ခဲ့လို့ ဝါနာဟာ မကြာခင်မှာပဲ ချယ်လ်ဆီးကစားသမားသစ် ဖြစ်လာရတော့မှာပဲဖြစ်ပါတယ်။

Photo Credit : Daily Mail

ဒီလို အသင်းနဲ့ အတော်လေး သတင်းထွက်ခဲ့တဲ့ ဝါနာကို မခေါ်ယူနိုင်ခဲ့ခြင်းအပေါ် သွမ်မဆန်က “သင်အနေနဲ့ အမြဲတမ်းကြိုးစားနေဖို့ လိုအပ်နေသလို တိုးတတ်ကောင်းမွန်နေဖို့လည်း လိုအပ်ပါတယ်။ သင်က အမြင့်ဆုံးနေရာကို ရောက်ရှိနေတယ်ဆိုရင်လည်း အကောင်းဆုံးကစားပြဖို့ရော အင်အားတောင့်တင်းနေဖို့ပါ လိုအပ်ပါသေးတယ်။ ကျွန်တော်ကတော့ ဒီကစားသမားကို လီဗာပူးလ်အသင်းဆီ ရောက်လာစေချင်ပါတယ်။ ဒါပေမယ့် အသင်းကတော့ ဒီအပြောင်းအရွှေ့ကို အထမြောက်လာအောင် မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ သူရဲ့တန်ကြေးက မြင့်မားနေတယ်ဆိုရင်တောင်မှ ဒီလိုကစားသမားမျိုးကို ခေါ်ဆောင်သင့်ပါတယ်။ သူက ဒီအသင်းမှာ (၃၊၄)နှစ်လောက် အကောင်းဆုံးကစားပြနိုင်မှာပါ။ သူအနေနဲ့ ဒီကိုလာရောက်ဖြစ်မယ်ဆိုရင် သူရော အသင်းမှာ တိုးတတ်လာမှာ သေချာပါတယ်” လို့ Sky Sports နဲ့ အင်တာဗျူးမှာ ဖြေဆိုသွားခဲ့ပါတယ်။ သွမ်မဆန်ဘက်က ဒီလိုတွေပြောဆိုလာပေမယ့်လည်း ဝါနာကတော့ လက်ရှိမှာ သူ့ကို တစ်ပတ်လုပ်ခ ပေါင်(၁၈၀၀၀၀)အထိ ပေးချသွားမယ့် ချယ်လ်ဆီးအသင်းနဲ့ အပြီးသတ်စာချုပ်ချုပ်ဖို့က အရမး်ကို နီးစပ်နေပြီပဲဖြစ်ပါတယ်။