MySport Myanmar

ဘာပေနဲ့သာ တွဲဖက်ကစားရရင် ဂိုးတွေ ပိုသွင်းယူနိုင်လိမ့်မယ်လို့ ဘန်ဇီမာ ယုံကြည်နေ

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဝါရင့်တိုက်စစ်မှူးကြီးတစ်ဦးဖြစ်တဲ့ ကာရန်ဘန်ဇီမာက သူရဲ့ပြင်သစ်အသင်းဖော် တိုက်စစ်ကစားသမားလေးဖြစ်သူ ကီလီယန်အမ်ဘာပေနဲ့ တွဲဖက်ကစားရတာကို အလွန်နှစ်သက်မိကြောင်း ဘာပေနဲ့အတူ လက်ရွေးစင်အသင်းမှာသာမကပဲ ကလပ်အသင်းမှာပါ တွဲဖက်ကစားလိုပြီး သူတို့သာ အချိန်တိုင်း တွဲဖက်ကစားရမယ်ဆိုရင် ဂိုးတွေပါ ပိုသွင်းယူနိုင်မှာဖြစ်ကြောင်း ထုုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Infos Sport

အသက်(၂၃)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဘာပော ဒီနှစ်ဘောလုံးရာသီအတွင်း ပီအက်စ်ဂျီအသင်းအတွက် ပွဲပေါင်း(၃၈)ပွဲအထိ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၂၈)ဂိုး သွင်းယူထားနိုင်ခဲ့သလို ဂိုးဖန်တီးမှု အကြိမ်(၂၀)ထိ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီမှာ မက်ဆီ နေမာတို့ထက်ကို အကောင်းဆုံး စွမ်းဆောင်နေနိုင်တဲ့ ဘာပေဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ ပီအက်စ်ဂျီဘက်က ဘာပေကို သက်တမ်းထပ်တိုးဖို့ အပြင်းအထန် ကြိုးပမ်းနေသလို ဘာပေကို အရခေါ်ယူချင်နေတဲ့ ရီးယဲလ်မက်ဒရစ်အသင်းကလည်း ဘာပေ ရီးယဲလ်ကို ရောက်လာဖို့အတွက် အစွမ်းကုန် ကြိုးပမ်းလျက် ရှိနေပါတယ်။

Photo Credit : 24 Hours Sports News

လက်ရှိအချိန်မှာ ဘာပေဟာ သူရဲ့လက်ရှိကလပ် ပီအက်စ်ဂျီအသင်းနဲ့လည်း စာချုပ်သက်တမ်း ထပ်မံတိုးမြှင့်ဖွယ်လည်း ရှိနေသလို ရီးယဲလ်မက်ဒရစ်အသင်းဆီကိုလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားနိုင်ဖွယ်လည်း ရှိနေရပြီး တကယ်လို့သာ ဘာပေအနေနဲ့ ရီးယဲလ်ကိုသာ ရွေးချယ်ခဲ့မယ်ဆိုရင်တော့ သူရဲ့ပြင်သစ်အသင်းဖော်လည်းဖြစ် စီနီယာကစားသမားလည်းဖြစ်တဲ့ ဘန်ဇီမာနဲ့ တွဲဖက်ကစားရတော့မှာ ဖြစ်ပါတယ်။ ဒီလို အခြေအနေနဲ့ပတ်သက်ပြီး ရီးယဲလ်တိုက်စစ်မှူးကြီး ဘန်ဇီမာက “ကျွန်တော် နိုင်ငံလက်ရွေးစင်အသင်းမှာ ဘာပေနဲ့အတူ ကစားရတာကို နှစ်သက်ပြီးတော့ သူနဲ့အတူ ကလပ်အသင်းမှာလည်း ကစားချင်ပါတယ်။ ဒါ သေချာပါတယ်။ ကျွန်တော်တို့နှစ်ယောက် တွဲဖက်ပြီး ဂိုးတွေ နှစ်ဆ ဒါမှမဟုတ် ဆုံးဆလောက်တောင် သွင်းယူနိုင်မယ် ထင်တယ်။ ဘာပေက ကျွန်တော် ဗင်နီစီယပ်စ်တို့နဲ့အတူ တတိယကြယ်ပွင့် ဖြစ်လာနိုင်မလားဆိုရင် ဟုတ်တယ်လို့ပဲ ပြန်ဖြေရမယ်။ ကျွန်တော် ဒါကို အကြိမ်ကြိမ် ပြောခဲ့ပါတယ်။ ဘာပေနဲ့ဆိုရင် ကျွန်တော်တို့ အဆင်ပြေသွားပါပြီ။ ဘာကြောင့်လဲဆိုတော့ ကွင်းထဲမှာ တစ်ဖက်က ဘာလုပ်မယ်ဆိုတာကို ကျွန်တော်တို့ သိနေတာကြောင့်ပါ။ ဒါက ပြီးပြည့်စုံပါတယ်” လို့ ပြောဆိုထားခဲ့ပါတယ်။ ဘန်ဇီမာနဲ့ ဘာပေတို့ တိုက်စစ်အတွဲအဖက်ဟာ လာမယ့် ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာပါ ပြင်သစ်အသင်းရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင်လာကြမှာလည်း ဖြစ်ပါတယ်။

Exit mobile version