မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူ့အသင်းဟာ မြို့ခံကလပ် မန်ချက်စတာ စီးတီးအသင်းဆီကနေ သရေတစ်မှတ် ရယူဖို့အပြင် မန်စီးတီးကို အနိုင်ယူဖို့ပါ နီးစပ်ခဲ့သေးတယ်လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

မနေ့ညက အယ်လ်တီဟတ်ကွင်းမှာ မန်စီးတီးနဲ့ မန်ယူနိုက်တက်တို့ မန်ချက်စတာဒါဘီပွဲကို ဆင်နွဲခဲ့ရင်း ပထမပိုင်း အစလောက်မှာပဲ မားကပ်စ် ရပ်ရှ်ဖို့ဒ်ရဲ့ အရည်အသွေးမြင့် သွင်းဂိုးနဲ့ ပွဲကို စတင် ဦးဆောင်သွားနိုင်ခဲ့ပါတယ်။

Photo Credit : centredevils

ဒါပေမယ့် ပွဲအစကတည်းက မန်စီးတီးအသင်းက လုံးဝကို ဖိကစားထားခဲ့ပြီး အခွင့်အရေးတွေလည်း ရရှိခဲ့ပေမယ့် ဂိုးသမား အိုနာနာ လက်စွမ်းပြနေတာရော ဟာလန်း အသုံးမချနိုင်တာကြောင့်ပါ ပထမပိုင်းမှာ ဂိုးပြန်မသွင်းနိုင်ပဲ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ဖိုဒန်က မန်စီးတီးအတွက် အဓိကကျတဲ့ သွင်းဂိုးတွေနဲ့အတူ Comeback ရလဒ်နဲ့ အနိုင်ရသွားခဲ့ရပါတယ်။

ပွဲအပြီးမှာတော့ ယူနိုက်တက် နည်းပြ တန်ဟက်ဂ်က “တစ်ပွဲလုံးကို ခြုံငုံကြည့်မယ်ဆိုရင် ကျွန်တော်တို့တွေ စွမ်းဆောင်ရည်ကောင်းခဲ့တယ်လို့ ထင်မိပါတယ်။ တစ်ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားတဲ့ အချိန်မှာလည်း နောက်ထပ် ဒုတိယဂိုးပါ ထပ်မံ သွင်းယူနိုင်မယ့် အခိုက်အတန့်တွေလည်း ရှိခဲ့ရပါသေးတယ်။”

Photo Credit : centredevils

“ကျွန်တော်တို့ရဲ့ ခံစစ်ကလည်း တကယ်ကို ကောင်းကောင်းမွန်မွန် ကစားနိုင်ခဲ့တယ်။ ပထမ ချေပဂိုးမပေးလိုက်ရခင်ကလည်း ကျွန်တော်တို့ဘက်က အခွင့်အရေးကောင်း (၂)ခုတောင် ရခဲ့ပါသေးတယ်။ ကျွန်တော်တို့က သရေတစ်မှတ် ရရှိအောင် ဒါမှမဟုတ် နိုင်ပွဲတစ်ပွဲ ရရှိအောင် နီးစပ်ခဲ့ရတယ်လို့ ကျွန်တော် ထင်ပါတယ်။” မှတ်ချက်ပြုသွားခဲ့ပါတယ်။

တန်ဟက်ဂ်က အခုလို ပြောဆိုသွားခဲ့ပေမယ့်လည်း သူရဲ့ ယူနိုက်တက်အသင်းကတော့ မန်စီးတီးနဲ့ပွဲစဉ်ထဲ ဂိုးကန်ချက်ပေါင်း (၃)ကြိမ်သာ ရရှိခဲ့ပြီး ရပ်ရှ်ဖို့ဒ်ရဲ့ ဂိုးတစ်ဂိုးတည်းသာ ဂိုးပေါက်တည့် ကန်ချက်အဖြစ် ရှိခဲ့ရပါတယ်။