ပြီးခဲ့တဲ့ စနေနေ့ညက ဘရန့်ဖိုဒ့်အသင်းကို အဝေးကွင်းမှာ တစ်ဂိုးတည်းနဲ့ ကပ်အနိုင်ရခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၁)နေရာဆီ ပြန််လည်တတ်လှမ်းလာနိုင်ခဲ့သလို ဒီနှစ်ရာသီအတွင်း ကစားခဲ့တဲ့ လိဂ်ပွဲစဉ်တွေမှာလည်း (၆)ပွဲအထိကို အနိုင်ရထားပြီး (၅)ပွဲအထိ ပေးဂိုးလုံးဝမရှိအောင် ကစားထားနိုင်ခဲ့ရာက ချယ်လ်ဆီးအသင်းရဲ့ အခုလို တိုးတတ်မှုတွေကြောင့် ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အခြေအနေကောင်းနိုင်တယ်လို့ ဂယ်ရီနဖီးလ်က သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sky Sports

ချယ်လ်ဆီးအသင်းဟာ ဘရန့်ဖိုဒ့်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ အသင်းဘက်က သီယာဂိုဆေးလ်ဗား ရူဒီဂါ ဇီယာဇ့် ပူလီဆစ်တို့လို အဓိက ကစားသမားတွေ မပါဝင်နိုင်ခဲ့တာကြောင့် ခံစစ်မှာ မာလန်ဆားကိုပါ ထည့်သွင်းခဲ့ရတာ ဖြစ်ပေမယ့် နည်းပြတူဟယ်လ်ရဲ့ ချယ်လ်ဆီးအသင်းက စိတ်ဓါတ်ခိုင်မာမှုကို မီးမောင်းထိုးပြနိုင်ခဲ့တယ်လို့ နဖီးလ်က မှတ်ချက်ပြုသွားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး နဖီးလ်က “ချယ်လ်ဆီးအသင်းက ပရီးမီးယားလိဂ် ဆုဖလားကို ရယူသွားနိုင်မယ်လို့ ကျွန်တော်ထင်တယ်။ ဒါနဲ့ပတ်သက်ရင် လူတွေက လီဗာပူးလ်နဲ့ မန်စီးတီးအသင်းတွေကိုပဲ ပြောနေလိမ့်မယ်ဆိုတာကိုလည်း ကျွန်တော်သိတယ်။ လွန်ခဲ့တဲ့(၃၊၄)နှစ်လောက်က ဒီအသင်းတွေရဲ့ စွမ်းဆောင်ခဲ့မှုတွေလည်း လက်မခံလို့မှ မဖြစ်နိုင်တာ”

Photo Credit : Football 365

“လွန်ခဲ့တဲ့ ရက်သတ္တပတ်တုန်းက ချယ်လ်ဆီးကို အနိုင်ယူခဲ့တဲ့ စီးတီးတို့ရဲ့ စွမ်းရည်ကလည်း တကယ့်ကို မယုံနိုင်စရာပါ။ ဒါပေမယ့် အခု ချယ်လ်ဆီးက ခံနိုင်ရည်အားကောင်းလွန်းပြီးတော့ ရင်ဆိုင်ရခက်တဲ့ အသင်းတစ်သင်း ဖြစ်လာခဲ့ပါပြီ။ ဒီလိဂ်က ဘယ်အသင်းကမှ ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ကစားချင်လိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ ဘရန့်ဖိုဒ့်အသင်းအနေနဲ့ကလည်း နောက်ဆုံး(၁၀)မိနစ် (၁၅)မိနစ်လောက်မှာ ချယ်လ်ဆီးကို ဒုက္ခပေးနိုင်ခဲ့ပေမယ့် မိနစ်(၇၀) (၈၀)ခန့်လောက်ကလည်း သူတို့တွေအတွက် အခက်ခဲဆုံး အခိုက်အတန့်တွေ ဖြစ်ခဲ့ရတာပါပဲ။ ဘယ်လို်မှ မထိုးဖောက်နိုင်တော့တဲ့ အချိန်ကျမှ သူတို့ရဲ့ ကစားဟန်ကို ပြောင်းလဲလိုက်တာကြောင့် ပွဲပြီးခါနီးမှာ အနည်းငယ် ဒုက္ခပေးလာနိုင်တာပါ။ ဒါပေမယ့် ချယ်လ်ဆီးအသင်းဘက်ကို ပြန်ကြည့်မယ်ဆိုရင်လည်း မပါလာနိုင်တဲ့ ကစားသမားတွေက အများကြီးပါပဲ။ ဒီကစားသမားတွေ ပြန်လည်ပါဝင်လာရင် သူတို့အသင်းက ပိုတောင် တောင့်တင်းလာမှာပါ။ သူတို့က ဒီရာသီမှာ ခက်ခဲတဲ့ တာထွက်တစ်ခုကို ကျော်ဖြတ်ထားရတာတောင် အမှတ်ပေးဇယားထိပ်မှာ ရပ်တည်နေနိုင်တယ်။ လူတွေကတော့ မန်စီးတီးလို့ပဲ ပြောနေကြလိမ့်မှာ ဖြစ်ပေမယ့် ချယ်လ်ဆီးကိုလည်း မေ့ထားလို့ မရပါဘူး။ သူတို့က ဗိုလ်မစွဲနိုင်ဘူးဆိုရင်တောင် အနီးကပ်ဆုံးနေရာကနေ ဖိအားပေးနေနိုင်မှာပါ” လို့ သုံးသပ်ပြောဆိုသွားပါတယ်။