ဘာစီလိုနာအသင်းနဲ့ ပိုလန်အသင်းတို့ရဲ့ တိုက်စစ်ကစားသမားကြီး ရောဘတ်လီဝန်ဒေါစကီးက သူ့အနေနဲ့ ဘာစီလိုနာအသင်းမှာ ပါဝင်ကစားနေရတာဟာ ဘောလုံးသမားတိုင်း လိုချင်ကြတဲ့ တစ်ဦးချင်း ဆုကြီးတစ်ခုဖြစ်သော Ballon d’Or ဆုကို ပိုင်ဆိုင်နိုင်ရဖို့အတွက် အခွင့်အရေး ပိုရှိတယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Planet Football

ပိုလန်လက်ရွေးစင် တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ လွန်ခဲ့တဲ့ ၂၀၂၀ခုနှစ်က Ballon d’Or ဆုကို သေချာပေါက် ဆွတ်ခူးဖို့ ရေပန်းစားဆုံး အခြေအနေကို ရောက်ခဲ့ပြီးမှ ကိုဗစ်ဂယက်ကြောင့် အဲ့ဒီနှစ်ရဲ့ ဆုပေးပွဲကို မကျင်းပဖြစ်တော့လို့ လီဝန်ဒေါစကီးလည်း Ballon d’Or ဆုနဲ့ လွဲချော်ခဲ့ရသလို ၂၀၂၁ခုနှစ်မှာလည်း မက်ဆီရဲ့နောက် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဒါပေမယ့် လက်ရှိမှာ ဘာစီလိုနာ ကစားသမားတစ်ဦး ဖြစ်နေရတဲ့ လီဝန်ဒေါစကီး သူရဲ့ကလပ်အသင်းဟောင်း ဘိုင်ယန်မြူးနစ်မှာ ရှိနေခြင်းထက် ဘာစီလိုနာမှာ ရှိနေရခြင်းက Ballon d’Or ဆုကို ရယူ ပိုင်ဆိုင်နိုင်ဖို့အတွက် ပိုမို နီးစပ်လာခဲ့ကြောင်း ပြောကြားသွားခဲ့ပါတယ်။

Photo Credit : The Mirror

ဒီအကြောင်းနဲ့ ပတ်သတ်ပြီး လီဝန်ဒေါစကီးက “ဘာစီလိုနာအသင်းရဲ့ ပရိသတ်တွေ နူးကမ့်ကွင်းမှာ ကျွန်တော့်အတွက် ဒီလောက်ခပ်မြန်မြန်နဲ့ သီချင်းဆို ဟစ်ကြွေးလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး။ ဒီလို အားပေးမှုက ကျွန်တော် ဒီမှာကစားနေရတာအချိန်ကြာနေပြီလို့တောင် ထင်ရစေတယ်။ ဘာစီလိုနာအသင်းက Ballon d’Or ဆုကို ကစားသမား အများဆုံး ဆွတ်ခူးရရှိခဲ့တဲ့ အသင်းပါ။ ဒါကြောင့် ကျွန်တော် ဒီမှာ ရှိနေတာက ဘိုင်ယန်မှာ ကစားနေရခြင်းထက် Ballon d’Or ဆုဆီ သွားရတဲ့ လမ်းကြောင်း ပိုပြီး တိုတောင်းလိမ့်မယ်လို့ ထင်မိပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ အသက်(၃၄)နှစ်အရွယ်ရှိ ပိုလန်ဂိုးမုဆိုကြီး လီဝန်ဒေါစကီးဟာ The Best FIFA Men’s Player ဆု ဥရောပရွှေဖိနပ်ဆုတို့လို အခြားသော တစ်ဦးချင်း ဆုတံဆိပ်တွေ များစွာ ပိုင်ဆိုင်ခဲ့ရပေမယ့်လည်း Ballon d’Or နဲ့တော့ အခုချိန်ထိ ကံမစပ်နိုင်သေးပဲ ဒုတိယနေရာကိုသာ အမြင့်ဆုံး အောင်မြင်မှုအဇြစ် ရယူထားနိုင်ခဲ့ပါတယ်။ လီဝန်ဒေါစကီးက ဒီနှစ် နွေဈေးကွက်ထဲမှာတော့ (၈)နှစ်တာ ကျင်လည်ခဲ့တဲ့ ဘိုင်ယန်ကနေ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လက်ရှိမှာ အသင်းအတွက် ပြိုင်ပွဲစုံ (၈)ပွဲ ပါဝင်ကစားပေးထားရင်း စုစုပေါင်း သွင်းဂိုး (၁၁)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။