မနေ့ညက ကျင်းပခဲ့တဲ့ စပါးအသင်းနဲ့ ဝက်စ်ဟမ်းအသင်းတို့ရဲ့ လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ အိမ်ရှင်စပါးအသင်းက ပထမပိုင်းမှာပဲ ဒါဘီပြိုင်ဘက်ကို (၃)ဂိုးပြတ်နဲ့ အပြတ်အသတ်ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း မိနစ်(၈၀)ကျော်လောက်မှာ သွင်းဂိုးတွေကို စတင်ခွင့်ပြုခဲ့ရပြီး နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာပါ လူစားဝင်ကစားသမားလန်ဇီနီရဲ့ အလန်းစားသွင်းဂိုးနဲ့ သရေတစ်မှတ်ခွဲပေးခဲ့ရကာ စပါးအသင်းအတွက် အတော်လေးကို နစ်နာစေခဲ့ရပါတယ်။

Photo Credit : Goal

ဒီပွဲအတွင်းမှာ စပါးအသင်းကို ရီးရဲလ်မက်ဒရစ်အသင်းကနေ တကျော့ပြန်ရောက်ရှိလာခဲ့တဲ့ ဂါရတ်ဘေးလ်က အရန်လူစာရင်းမှာ စတင်ပါဝင်လာခဲ့သလို အသင်းအတွက်လည်း ဒုတိယပိုင်း ပွဲချိန်အတွင်းမှာ ပါဝင်ကစားခဲ့ပါတယ်။ ဘေးလ်ဟာ စပါးအသင်းအတွက် (၄)ဂိုးမြောက်သွင်းဂိုးကို ရယူနိုင်ဖို့ အခွင့်အရေးကောင်းကို ပိုင်ဆိုင်ခဲ့ပေမယ့်လည်း ဂိုးပေါက်ဘေးကနေ ကပ်ထွက်သွားခဲ့ရလို့ ကံဆိုးခဲ့ရသလို သူရဲ့စပါးအသင်းကလည်း အနိုင်ဂိုး(၃)ဂိုးလုံးကို လုံးဝထိန်းသိမ်းထားနိုင်ခြင်းမရှိပဲ ပေးဂိုးတွေ ပြန်လည်ခွင့်ပြုခဲ့ရပြီး တစ်မှတ်နဲ့ပဲ ကျေနပ်လိုက်ရပါတယ်။

Photo Credit : Marca

အခုလို ဘေးလ်ပါဝင်လာခြင်းက အသင်းအတွက် အနုတ်သဘောဆောင်တဲ့ လက္ခဏာများဖြစ်နေမလားလို့ မော်ရင်ဟိုကို မေးမြန်းလာခဲ့ရာ မော်ရင်ဟိုက “ကျွန်တော်ဒီလိုတော့ မထင်မိပါဘူး။ အရိုးသားဆုံးပြောပါတယ်။ ကျွန်တော်ဒီလိုကို မထင်ခဲ့မိဘူး။ သူ့ကို ပွဲထွက်ကစားသမားအဖြစ်နဲ့ မသုံးခဲ့ရတာက ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တစ်ခုလို့ပဲ ကျွန်တော်မြင်မိပါတယ်။ သူ့ကို အရန်ခုံမှာထားဖို့ ဆုံးဖြတ်ခဲ့တာက အသင်းက ကစားသမားတွေအားလုံးအနေနဲ့ ကိုယ်ရဲ့နေရာအတွက် တိုက်ပွဲဝင်သွားရမယ်ဆိုတာကို သတိပေးလိုက်သလိုပါပဲ။ သူကလည်း ဒါကို လက်ခံခဲ့တယ်။ လူတိုင်းကလည်း သူ့ကို နှစ်သက်ကြတယ်။ သူကိုယ်တိုင်ကလည်း ဒီအသင်းကနေ ရလာမယ့်အရာတွေကို သဘောကျလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဆိုတော့ အားလုံးက အကောင်းတွေချည်းပါပဲ။ သူ့အပေါ်အာရုံစိုက်နေတာမျိုးလည်း မဖြစ်ခဲ့ပါဘူး။ ပွဲအပေါ်ကိုပဲ အာရုံစိုက်ခဲ့တာပါ။ သူက ဒုတိယပိုင်း (၆၅)မိနစ်ရောက်မှ အရန်ခုံကနေ ဝင်ရောက်ကစားခဲ့ရတာပါ။ သူဝင်လာလို့ အသင်းအတွက် အနှောင့်အယှက်ဖြစ်သွားတယ်လို့လည်း ကျွန်တော်မထင်မိဘူး။ အသင်းအတွက် စတုတ္ထမြောက်သွင်းဂိုးဖြစ်နိုင်မယ့် သွင်းဂိုးကို သူမသွင်းယူနိုင်ခဲ့တာပဲ ဝမ်းနည်းမိတယ်။ အဲ့ဒီဂိုးသာဝင်ခဲ့မယ်ဆိုရင် ပွဲသိမ်းပြီ။ ဒါပေမယ့် ဒါက ဘောလုံးပဲလေ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။