မန်ယူအသင်းရဲ့ ကွင်းလယ် ကစားသမားဟောင်း ရိုင်ယန်ဂစ်ဟာ မန်ယူအသင်းမှာ ကစားခဲ့စဉ်က ကျောနံပါတ် (၁၁) ကို ဝတ်ဆင်ခဲ့တာ ဖြစ်ပြီး သူ့ရဲ့ ကျောနံပါတ် (၁၁) ကို ဆက်ခံဝတ်ဆင်မယ့် ဂရင်းဝုဒ်ကို ရာသီသစ်မှာ ပွဲစဉ်တိုင်း သွင်းဂိုး (၂) ဂိုး သွင်းနိုင်လိမ့်မယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ အသက် (၁၈) နှစ်အရွယ် မန်ယူ တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ မန်ယူအသင်းအတွက် စီနီယာ ပွဲစဉ် (၅၀) ပွဲကျော်အထိ ကစားလာပြီ ဖြစ်ပြီး မန်ယူအသင်းအတွက် သွင်းဂိုး (၁၇) ဂိုး နဲ့ ဂိုးဖန်တီးမှု (၅) ကြိမ် ပြုလုပ်ခဲ့တာကြောင့် မန်ယူအသင်းရဲ့ အနာဂတ် ကစားသမား အဖြစ် သတ်မှတ်ခံနေရပါတယ်။

Photo Credit: Goal

တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ လာမယ့် ရာသီသစ်မှာ ကျောနံပါတ် (၁၁) ကို ဝတ်ဆင်သွားမှာ ဖြစ်ပြီး ကျောနံပါတ် (၁၁) ကတော့ (၁၉၉၀) ခုနှစ်ကနေ (၂၀၁၄) ခုနှစ်အတွင်းမှာ မန်ယူအသင်းရဲ့ ဂန္တဝင် ကွင်းလယ် ကစားသမားဟောင်း ရိုင်ယန် ဂစ် ဝတ်ဆင်လာခဲ့တဲ့ ကျောနံပါတ် ဖြစ်ပါတယ်။ လက်ရှိ ဝေးလ် လက်ရွေးစင် အသင်းရဲ့ နည်းပြ ရိုင်ယန်ဂစ်ကတော့ မန်ယူအသင်းရဲ့ တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ ကျောနံပါတ် (၁၁) ကို ဝတ်ရလို့ ဖိအားခံစားလိမ့်မယ်လို့ မထင်ကြောင်း နဲ့ ရာသီသစ်မှာ ပွဲစဉ်တိုင်း သွင်းဂိုး (၂) ဂိုး သွင်းနိုင်ကြောင်း TheSun သတင်းမှာ ပြောကြားသွားတာ ဖြစ်ပါတယ်။

Photo Credit: Goal

TheSun သတင်းမှာ ရိုင်ယန်ဂစ်က “ဂရင်းဝုဒ်က ကျွန်တော် သွင်းခဲ့တဲ့ ဂိုးအရေအတွက်ထက် ပို သွင်းဖို့ နီးစပ်နေပါပြီ။ ဒီတော့ အဲဒီအပိုင်းမှာတော့ သူ ဖိအားရှိမှာ မဟုတ်ဘူး။ သူ ကျောနံပါတ်နဲ့ ပက်သက်ပြီးလည်း ဖိအားခံစားရလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ သူက ကစားသမားကောင်း ဖြစ်ပြီး သူ့ကို ပွဲတိုင်း ဂိုးသွင်းနိုင်မယ်လို့ ကျွန်တော် မထင်ခဲ့ပါဘူး။ ဒါပေမယ့် သူက ပွဲစဉ်တိုင်းမှာ သွင်းဂိုး (၂) ဂိုး သွင်းနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သူက အဲဒီလောက် ခြိမ်းခြောက်မှု ပြုလုပ်နိုင်ပါတယ်။ သူက တစ်ဖြည်းဖြည်း ကစားမှု မှန်လာပါတယ်။ သူက ကွင်းလယ်တိုက်စစ်မှူး အဖြစ် ကစားသွားလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ဒါပေမယ့် သူ ဆက်သွားဖို့ လိုအပ်ပါတယ်။ ပြိုင်ဘက်အသင်းတွေက သူ့ကို သတိထားမိလိမ့်မယ်။ နောက်ပြီး ပြိုင်ဘက်အသင်းတွေက သူ့ကို ရပ်တန့်ဖို့ ကြိုးစားကြလိမ့်မယ်။ သူက တိုးတတ်ဖို့ နည်းလမ်းရှာနိုင်မှာပါ”လို့ ပြောခဲ့ပါတယ်။ မန်ယူအသင်းဟာ ယခုအပတ် စနေနေ့ညက ကစားသွားခဲ့တဲ့ ချစ်ကြည်ရေး ပွဲစဉ်မှာ အက်စတွန်ဗီလာအသင်းကို (၁-ဝ) ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး ပရီးမီးယားလိဂ် အဖွင့်ပွဲကို လာမယ့် (၁၉) ရက်နေ့မှာ ခရစ်စတယ်ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။