မနေ့ညက ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ဂျာမနီလက်ရွေးစင်အသင်းတို့ရဲ့ ယူရိုပြိုင်ပွဲအတွင်းမှာ ပြင်သစ်အသင်းက (၁)ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး တာထွက်လှခဲ့ရသလို ဒီပွဲစဉ်မှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့တဲ့ ကွင်းလယ်လူ ပေါလ်ပေါ့ဘာမှာလည်း ပြင်သစ်အသင်းအတွက် အတော်လေးကို ခြေစွမ်းပြသနိုင်ခဲ့ပြီး အသင်းရဲ့ နိုင်ပွဲမှာ အဓိကကျတဲ့ အခန်းကဏ္ဍာကနေ ပါဝင်သွားခဲ့ပါတယ်။

ပေါ့ဘာရဲ့ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ပြသခဲ့တဲ့ ခြေစွမ်းတွေ စွမ်းဆောင်ရည်တွေဟာ သူရဲ့ကလပ်အသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်မှာ ပြသနေတဲ့ စွမ်းဆောင်မှုတွေထက် ထူးကဲသာလွန်လို့နေပြီး လက်ရွေးစင်အသင်းက ပေါ့ဘာနဲ့ ယူနိုက်တက်က ပေါ့ဘာရဲ့ကြားမှာ ခြားနားချက်တွေ ရှိလာခဲ့ရပါတယ်။ ဒီလို ခြားနားချက်တွေနဲ့ပတ်သက်ပြီး ယူနိုက်တက်ကစားသမားဟောင်းကြီး ရွိုင်ကိန်းက “ပေါ့ဘာက အရည်အသွေးပြည့်ဝတဲ့ ကစားသမားတစ်ယောက်ဆိုတာ ဘာမှသံသယဝင်စရာ မလိုပါဘူး။ ဒါပေမယ့် ငါကတော့ သူ့ကို ဒီထက်မက ပိုပြီးလိုချင်နေသေးတယ်။ အထူးသဖြင့်တော့ သူ ယူနိုက်တက်အသင်းမှာ ကစားနေတဲဲ့အချိန်မျိုးဆိုရင် သူရဲ့ခြေစွမ်းတွေကို ပိုကောင်းလာတာမျိုး ဖြစ်စေချင်တယ်”

“ငါ့စိတ်ထင်အရဆိုရင် သူက ယူနိုက်တက်အသင်းမှာ သူယူထားရတဲ့ တာဝန်တွေ အရမ်းများနေမယ်ထင်တယ်။ နောက်ပြီး သူနဲ့တွဲကစားရတဲ့ အသင်းဖော်တွေမှာကလည်း သူ့ဆီက တာဝန်တွေကို မျှယူပေးနိုင်လောက်တဲ့ အရည်အသွေးမျိုး မရှိကြတာလည်း ဖြစ်နိုင်တယ်။ သူက တာဝန်တွေ အများကြီးကို မယူဆောင်ထားချင်ပဲနဲ့ လွတ်လွတ်လပ်လပ်ပုံစံမျိုးနဲ့ ကစားချင်နေတာ ဖြစ်နိုင်ပါတယ်။ ပြင်သစ်အသင်းမှာကျတော့ သူနဲ့ တွဲဖက်ကစားရတဲ့ အသင်းဖော်တွေက သူရဲ့တာဝန်တွေကို မျှထမ်းပေးနိုင်တဲ့ အရည်အသွေးမျိုးတွေကို ပိုင်ဆိုင်နေကြသူတွေချည်းပဲ။ ယူနိုက်တက်မှာကျတော့ သူက သီးသန့်ကြီလို ဖြစ်နေရတာမို့ သူ့အတွက် ဖိအားပိုများနေရသလို ဖြစ်နေတာပေါ့။ ဒါက ပြင်သစ်အသင်းက ပေါ့ဘာနဲ့ ယူနိုက်တက်က ပေါ့ဘာတို့ကြား အဓိက ခြားနားချက်ပါပဲ” လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။ ရွိုင်ကိန်းရဲ့သုံးသပ်ချက်ကို ပြင်သစ်ကစားသမားဟောင်းကြီး ပက်ထရစ်ဗီအဲရာကပါ ထောက်ခံသွားခဲ့ပြီး ပေါ့ဘာအနေနဲ့ ယူနိုက်တက်အသင်းမှာ တာဝန်များစွာကို ယူထားခဲ့ရလို့ သူ့အတွက် ဖိအားများနေရတာဖြစ်ပေမယ့် ပြင်သစ်အသင်းမှာကျတော့ သူ့အတွက် သက်တောင့်သက်သာရှိသလို ခံစားရမိသလို ဖြစ်နေတဲ့အတွက် အသင်း(၂)သင်းကြားမှာ ပြသနေတဲ့ စွမ်းဆောင်ရည်တွေချင်း ကွဲပြားလာခဲ့ရတာလို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။