ဒီရာသီမှစတင်ပြီး ချယ်လ်ဆီးစီနီယာအသင်းအတွက် စတင်ပွဲဦးထွက် ကစားခဲ့ရတဲ့ အသင်းရဲ့လူငယ်ညာနောက်ခံကစားသမားလေး ရီးစ်ဂျိမ်းစ်က သူရဲ့စီနီယာကစားသမားဖြစ်တဲ့ ဘယ်ဂျီယံတိုက်စစ်မှူး အီဒင်ဟာဇက်အပေါ်မှာ အခုထိကို ချစ်ခင်မြတ်နိုးနေဆဲဖြစ်ပြီး လက်ရှိ ဟာဇက်အနေနဲ့ သူရဲ့အသင်းသစ် ရီးရဲလ်မက်ဒရစ်အသင်းမှာ ခြေစွမ်းပြနိုင်ခြင်းမရှိပဲ တကယ်လို့ အသင်းဟောင်းချယ်လ်ဆီးဆီကိုသာ ပြန်လည်ရောက်လာမယ်ဆိုရင် ဝမ်းပန်းတသာနဲ့ ကြိုဆိုနေမှာလို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

အသက်(၂၀)အရွှယ်သာရှိသေးတဲ့ နောက်ခံအစွန်လူကစားသမား ရီးစ်ဂျိမ်းစ်ဟာ ချယ်လ်ဆီးအကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ ငယ်မွေးခြံပေါက် ကစားသမားလေးဖြစ်ကာ မနှစ်က ဘောလုံးရာသီအတွင်း ဝီဂန်အသင်းမှာ တစ်ရာသီအငှားစာချုပ်နဲ့ သွားရောက်ကစားနေခဲ့တဲ့အပြင် ဝီဂန်အသင်းရဲ့ တစ်ရာသီအတွင်း အကောင်းဆုံးကစားသမားဆုကို ပိုင်ဆိုင်ခဲ့ပါတယ်။ ရီးစ်ဂျိမ်းစ်ဟာ ဒီရာသီမှသာ နည်းပြလမ်းပတ်ရဲ့ ခေါ်ဆောင်မှုနဲ့အတူ ချယ်လ်ဆီးကို ပြန်လည်ရောက်ရှိလာခဲ့ပြီး တစ်ရာသီလုံးအတွင်းမှာ ပြိုင်ပွဲစုံ(၂၈)ပွဲအထိ ပါဝင်ကစားခဲ့ရသလို သွင်းဂိုး(၂)ဂိုးနဲ့ ဂိုးဖန်တီးမှု(၄)ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

ဒီရာသီ အသင်းရဲ့ ညာနောက်ခံနေရာမှာ ပွဲထွက်ခွင့်တွေ အများအပြားရရှိထားခဲ့တဲ့ ရီးစ်ဂျိမ်းစ်က အသင်းနဲ့ အင်တာဗျူးလုပ်နေစဉ်အတွင်း ချယ်လ်ဆီးအသင်းဆီကို ပြန်လည်ရောက်ရှိလာစေချင်တဲ့ ကစားသမားတစ်ယောက်က ဘယ်သူဖြစ်မလဲဆိုတာ မေးမြန်းခဲ့ရာ ရီးစ်ဂျိမ်းစ်က “အီဒင်ဟာဇက်ပါ။ သူကစားနေတာကို ကြည့်နေရတာနဲ့ပဲ အရမ်းသဘောကျမိတယ်။ အခုအချိန်ထိ ကျွန်တော်သူ့ကို ချစ်နေတုန်းပဲ။ သူက ချယ်လ်ဆီးအသင်းရဲ့ အကောင်းဆုံးသော ကစားသမားတစ်ယောက်အဖြစ် ဆက်လက်ရှိနေဆဲပါပဲ” လို့ ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။ ဟာဇက်ဟာ ချယ်လ်ဆီးအသင်းကို လွန်ခဲ့တဲ့ ၂၀၁၂ခုနှစ်ကတည်းက လိုင်လီအသင်းကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်တုန်းကဆို ရီးစ်ဂျိမ်းစ်ဟာ ၁၃နှစ်အရွှယ်သာရှိသေးပြီး ချယ်လ်ဆီးလူငယ်အသင်းမှာ ပါဝင်နေကစားနေဆဲဖြစ်ပါတယ်။ ဂျိမ်းစ်ဟာ ချယ်လ်ဆီးမှာတော့ ဟာဇက်နဲ့ လုံးဝတွဲဖက်ကစားဖူးခြင်းတော့ မရှိခဲ့ပါဘူး။