ဆီဗီလာအသင်းရဲ့ ပြင်သစ်နောက်ခံကစားသမား ဂျူစ်ခွန်ဒဲလ်ဟာ လက်ရှိမှာ ဥရောပရဲ့ အထွန်းတောက်ဆုံး လူငယ်နောက်ခံကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး သူ့ကိုလည်း ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်း ဥရောပထိပ်သီး ကလပ်အသင်းများစွာကနေ ပစ်မှတ်ထားခဲ့ကြပါတယ်။ ဒီအသင်းတွေထဲကမှ မန်စီးတီးအသင်းက ခွန်ဒဲလ်ကို အမှန်အကန် စိတ်ဝင်စားခဲ့ပြီး မန်စီးတီးရဲ့နည်းပြ ပတ်ဂွာဒီယိုလာကိုယ်တိုင် သူ့ကို အသင်းဆီ လာရောက်ကစားဖို့အတွက် ဖုန်းထဲကနေ ပြောဆိုခဲ့သေးကြောင်း ခွန်ဒဲလ်ကိုယ်တိုင် ဝန်ခံပြောဆိုလိုက်ပါတယ်။

Photo Credit : Goal

အသက်(၂၂)နှစ်အရွှယ်သာရှိသေးတဲ့ ပြင်သစ်ယူ-၂၁လက်ရွေးစင် နောက်ခံကစားသမားလေး ခွန်ဒဲလ်ဟာ ၂၀၁၉ခုနှစ်ကမှ ဘော်ဒိုးကနေ ဆီဗီလာကို ရောက်ရှိလာခဲ့သူဖြစ်ပြီး မနှစ်က ဘောလုံးရာသီအတွင်း အသင်းကို ယူရိုပါလိဂ်ချန်ပီယံလိဂ်ဖြစ်အောင် အဓိကစွမ်းဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။ ဗဟိုခံစစ်နေရာမှာ ပါဝင်ကစားသူဖြစ်တဲ့ ခွန်ဒဲလ်ကို မန်စီးတီးအသင်းကနေ အဓိကပစ်မှတ်ထားလာခဲ့ပြီး ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းမှာ အရခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးပေမယ့် မအောင်မြင်ခဲ့တာကြောင့် သူ့အစား ဘင်ဖီကာအသင်းရဲ့ ပေါ်တူဂီနောက်ခံကစားသမား ရူဘင်ဒီယက်စ်ကိုပဲ ခေါ်ယူလိုက်ရတာဖြစ်ပါတယ်။

Photo Credit : Eurosport

မန်စီးတီးအသင်းနဲ့ အပြောင်းအရွှေ့ကောလဟာလသတင်းတွေ ထွက်ပေါ်ခဲ့တဲ့အပေါ် ခွန်ဒဲလ်က “ဟုတ်တယ် ကျွန်တော် ပတ်ဂွာဒီယိုလာနဲ့ စကားပြောဆိုဖြစ်ခဲ့တယ်။ သူက ကျွန်တော့်ကို ဖုန်းခေါ်ပြီး ပြောခဲ့တာ။ ကျွန်တော်တို့နှစ်ယောက်လုံး စပိန်ဘာသာစကားနဲ့ပဲ ပြောဆိုခဲ့ကြတယ်။ အစစအရာရာ အားလုံးအဆင်ပြေခဲ့တယ်။ ကျွန်တော် အဲ့ဒီမှာ သွားရောက်ကစားဖို့ကိုလည်း စိတ်ဝင်စားခဲ့သလို ပါဝင်ကစားခွင့်ရမယ်လို့လည်း အာမခံချက်ရခဲ့တယ်။ ဒါပေမယ့် အပြောင်းအရွှေ့ကတော့ ဖြစ်မလာခဲ့ဘူး”လို့ Canal Football Club အစီအစဉ်မှာ ပြောဆိုသွားခဲ့ပါတယ်။ ဆီဗီလာအသင်းအနေနဲ့ကလည်း သူတို့အသင်းရဲ့ ကြယ်ပွင့်ကစားသမားတွေဖြစ်နေတဲ့ ခွန်ဒဲလ်ကို အလွယ်တကူ လက်လွတ်မသွားချင်ပဲ မဖြစ်မနေ ရောင်းချရမယ်ဆိုရင်တောင် ပြောင်းရွှေ့ကြေးကို များစွာရရှိချင်နေတာဖြစ်ပါတယ်။ ခွန်ဒဲလ်ရဲ့ လက်ရှိစာချုပ်သက်တမ်းအရ ၂၀၂၄ခုနှစ်မှ သက်တမ်းကုန်ဆုံးမှာဖြစ်သလို အသက်ကလည်း (၂၂)နှစ်သာရှိသေးတဲ့အတွက် ပြောင်းရွှေ့ကြေးက အနိမ့်ဆုံး ယူရိုသန်း(၅၀)လောက်အထိကို ရှိလို့နေမှာဖြစ်ပြီး သူ့ကို လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ကလည်း စိတ်ဝင်စားလျက်ရှိနေပါတယ်။ ပြင်သစ်ယူ-၂၁အသင်းမှာ ပါဝင်ကစားနေရတဲ့ ခွန်ဒဲလ်ကတော့ လက်ရှိမှာ အသင်းအတွက် အာရုံစိုက်ထားလျက်ရှိနေပြီး ၂၀၂၁ခုနှစ်မှာ ကျင်းပသွားမယ့် ယူရို-၂၀၂ဝပြိုင်ပွဲမှာလည်း ပြင်သစ်အသင်းအတွက် ပါဝင်ကစားပေးချင်နေတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။