ပြီးခဲ့တဲ့ရက်ပိုင်းက ကစားခဲ့ရတဲ့ စပိန်လာလီဂါပွဲမှာရော မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာပါ အိမ်ကွင်းရှံးပွဲတွေကို ဆက်တိုက်ကြုံတွေ့ခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ လက်ရှိအချိန်မှာ ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရပြီး နည်းပြဇီဒန်းရဲ့အနာဂတ်ပါ လှုပ်ခတ်လာခဲ့ရပေမယ့် ဇီဒန်းကတော့ အသင်းရဲ့ လက်ရှိအခြေအနေဆိုးတွေအားလုံးကို သူကိုယ်တိုင်ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်လို့နေပြီး သူနဲ့ အသင်းသားတွေအတူ အကောင်းဆုုံးအဖြေတစ်ခုကို ရှာဖွေနိုင်လိမ့်မယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Getty Image

စပိန်လာလီဂါရဲ့ လက်ရှိချန်ပီယံ ရီးရဲလ်အသင်းဟာ ပြီးခဲ့တဲ့စနေနေ့ညက ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ကာဒစ်ဇ်နဲ့ လာလီဂါအိမ်ကွင်းပွဲစဉ်မှာ အရေးနိမ့်ခဲ့ရသလို မနေ့ညက ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ရှက်တာဒိုးနက်အသင်းကို ပထမပိုင်းအတွင်းမှာပဲ (၃)ဂိုးပြတ်နဲ့ အပြတ်အသတ်ရှံးထားခဲ့ရပြီး ဒုတိယပိုင်းမှာလည်း ချေပဂိုး(၂)ဂိုးလေးသာ ပြန်သွင်းနိုင်ခဲ့လို့ ပြိုင်ပွဲစုံအိမ်ကွင်း(၂)ပွဲဆက်တိုက် ရှံးခဲ့ရပါတယ်။ လာမယ့်ပွဲစဉ်မှာ ရီးရဲလ်ဟာ ဘာစီလိုနာအသင်းနဲ့ အယ်ဂလက်စီကိုဒါဘီပွဲကိုပါ ဆင်နွဲရတော့မှာဖြစ်ပြီး ဒီပွဲစဉ်မှာ ရလဒ်ကောင်းတွေ ပြန်လည်ရယူနိုင်လိမ့်မယ်လို့ နည်းပြဇီဒန်းက ယုံကြည်နေတာဖြစ်ပါတယ်။

Photo Credit : Getty Image

ဇီဒန်းက “ကျွန်တော်ကိုယ့်ကျွန်တော် အခုကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပြင်ဆင်နိုင်တဲ့သူလို့ပဲ မြင်မိပါတယ်။ ဒါကလည်း ကျွန်တော်ကြိုးစားလုပ်ဆောင်ရမယ့် အရာတစ်ခုပါပဲ။ ကစားသမားတွေလည်း ကြိုးစားသွားရမှာပါ။ ဒီအခြေအနေတွေကို ဖြေရှင်းနိုင်မယ့် အရာတွေကို ကျွန်တော်တို့ပူးပေါင်းရှာဖွေသွားမှာပါ။ လာမယ့်စနေနေ့မှာ ဘာစီလိုနာအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် အက်ဂလက်စီကိုပွဲအတွက်ကိုလည်း ပြင်ဆင်ရပါမယ်။ ဒီညရှံးပွဲကတော့ အားလုံးအတွက် ခံစားချက်ဆိုးတွေကိုပဲ ဖြစ်စေတာ သေချာတာပေါ့။ ပွဲပြီးချိန်မှာ ခံစားချက်တွေက ရောထွေးလို့နေရောပါပဲ။ အဓိကတော့ သူတို့အသင်းဘက်ကို စတင်ခွင့်ပြုလိုက်ရတဲ့ ပထမဆုံးဂိုးပါပဲ။ ကျွန်တော်တို့အသင်းရဲ့အမှားကနေတစ်ဆင့် ခွင့်ပြုခဲ့ရတဲ့ ဒီဂိုးက အသင်းသားတွေရဲ့ယုံကြည်မှုကို ရိုက်ချိုးလိုက်သလိုပါပဲ။ ဒီရှံးပွဲအတွက် တာဝန်အရှိဆုံးက နည်းပြဖြစ်တဲ့ ကျွန်တော်ပါ။ ဒါပေမယ့် ပြိုင်ပွဲက အခုမှ အစပဲရှိပါသေးတယ်။ ကျွန်တော်တို့ လုံးဝလက်မြှောက်အရှံးပေးသွားမှာ မဟုတ်ပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဇီဒန်းရဲ့ရီးရဲလ်အသင်းဟာ ဒီရာသီမှာ ကစားသမားသစ်တွေကို တစ်ယောက်တစ်လေမှကို မခေါ်ယူထားခဲ့ပဲ အသင်းရဲ့ရှိရင်းစွဲကစားသမားတွေ အငှားပြည့်လို့ အသင်းကို ပြန်ရောက်လာတဲ့ ကစားသမားတွေနဲ့ အကယ်ဒမီက လူငယ်ကစားသမားတွေကိုပဲ ပေါင်းစပ်အသုံးပြုလျက်ရှိနေပါတယ်။