မန်ချက်စတာစီးတီးအသင်းနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတို့ရဲ့ ခံစစ်ကစားသမား ဂျွန်စတုန်းစ်က သူရဲ့လက်ရွေးစင်အသင်းဖော် ဟာရီမက်ဂွိုင်းယားနဲ့ ပတ်သတ်ပြီး ဝေဖန်နေကြခြင်းအပေါ် ပြန်လည် တုံ့ပြန်သွားခဲ့ပြီး သူကတော့ မက်ဂွိုင်းယားကို သူရဲ့ အကောင်းဆုံး ခံစစ်အတွဲအဖက်တစ်ဦးလို့သာ မြင်မိကြောင်း ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sky Sports

ခံစစ်မှူး မက်ဂွိုင်းယားဟာ ဒီနှစ်ရာသီအတွင်း အဆိုးရွှားဆုံး အခြေအနေတစ်ခုကို ဖြတ်သန်းနေရပြီး ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ်က အသင်းကို ကိုင်တွယ်ချိန်မှာပဲ သူ့ကို အသင်းခေါင်းဆောင်အဖြစ် တာဝန် ဆက်ပေးခဲ့ပေမယ့် လီဆန်ဒရိုမာတီနက်ဇ်ကို ခေါ်ယူပြီးချိန်မှာတော့ အသင်းရဲ့ ခံစစ်အတွင်း မာတီနက်ဇ်နဲ့ ဗာရန်းတို့ကိုသာ နေရာပေးခဲ့ပြီး မက်ဂွိုင်းယားကတော့ စတုတ္ထ ဦးစားပေးအထိပါ ဖြစ်လာခဲ့ရပါတယ်။ ဒီလို အခြေအနေမျိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း အင်္ဂလန်နည်းပြ ဂါရတ်ဆောက်ဂိတ်ကတော့ ကမ္ဘာ့ဖလား လူစာရင်းမှာ မက်ဂွိုင်းယားကို ရွေးချယ်သွားခဲ့တဲ့အပြင် တိုမော်ရီလို မီလန်မှာ ခြေစွမ်းပြနေတဲ့ ခံစစ်မှူးမျိုးကို ချန်လှပ်သွားခဲ့ပါတယ်။

Photo Credit : Leicester Mercury

ဆောက်ဂိတ်ကတော့ သူရဲ့ရွေးချယ်မှုနဲ့ ပတ်သတ်ပြီး မက်ဂွိုင်းယားကို ချန်လှပ်ထားရလောက်တဲ့အထိ တခြား ခံစစ်မှူးတွေက စွမ်းဆောင်နိုင်ခြင်း မရှိတာကြောင့်ရော မက်ဂွိုင်းယာက အင်္ဂလန်ခံစစ်အတွက် အလွန် အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်နေတာကြောင့်ပါ မက်ဂွိုင်းယားကိုပဲ ရွေးချယ်တာဖြစ်တယ်လို့ ရှင်းလင်းထားခဲ့ပါတယ်။ ဒါ့အပြင် မက်ဂွိုင်းယားရဲ့ လက်ရွေးစင်အသင်းဖော် ဂျွန်စတုန်းစ်ကလည်း “ဟာရီကို ကျွန်တော် ကြည့်လိုက်တော့ အတွဲအဖက်တစ်ဦးလို့ပဲ ကျွန်တော် မြင်မိတယ်။ ကျွန်တော်တို့နှစ်ယောက်ရဲ့ အတွေ့အကြုံတွေကနေတစ်ဆင့် သူရဲ့အနောက်မှာ ကျွန်တော် ရှိနေသလို ကျွန်တော်ရဲ့အနောက်မှာလည်း သူ ရှိနေပါတယ်။ ကျွန်တော်တို့တွေ အတူတကွ လက်တွဲပြီး ပွဲပေါင်းများစွာ ကစားခဲ့ဖူးတယ်။ ကျွန်တော်တို့ကြားမှာ အပေးအယူမျှမျှနဲ့ အတွဲအဖက်ကောင်း ပုံစံကို တည်ဆောက်ထားနိုင်ခဲ့တယ်။ တစ်ဖက် ကစားသမားက ဘာလုပ်မယ်ဆိုတာနဲ့ ကျွန်တော်တို့ အတူတူ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာကို ကျွန်တော်တို့ သိပါတယ်။ ဂါရတ်က ဘယ်လိုအသင်းကိုပဲဖြစ်ဖြစ် ဘယ်လိုစနစ်မျိုးကိုပဲဖြစ်ဖြစ် ဆုံးဖြတ်ရွေးချယ်ပါစေ ကျွန်တော်နဲ့ ဟာရီကိုသာ အသုံးပြုမယ်ဆိုရင်တော့ ကျွန်တော်တို့က ပါတနာကောင်းတွေအဖြစ်နဲ့ ယှဉ်ပြိုင်သွားမှာပါ” လို့ ပြောဆိုထားခဲ့ပါတယ်။