နွေစျေးကွက်ရဲ့ အပြောင်းအရွှေ့နောက်ဆုံးနေ့ရက်မှ မန်ချက်စတာယူနိုက်တက်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ ဝါရင့်တိုက်စစ်မှူးကြီး အက်ဒီဆင်ကာဗာနီက သူနဲ့အတူ Summer Transfer Deadline Day မှာပဲ ယူနိုက်တက်ကို ရောက်ရှိလာခဲ့တဲ့ ဆယ်ကျော်သက်အရွှယ် ဥရုဂွေးလူငယ်ကြယ်ပွင့်လေး ဖာကန်ဒိုပယ်လယ်စထရီရဲ့ခြေစွမ်းတွေကို ချီးမွှမ်းပြောဆိုလာခဲ့ပြီး သူရဲ့ကစားပုံကို အရမ်းသဘောကျမိတယ်လို့လည်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit :  Daily Mail

အသက်(၁၈)နှစ်သာရှိသေးတဲ့ လူငယ်တောင်ပံကစားသမားလေး ပယ်လယ်စထရီဟာ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ကြေး ယူရို(၁၀)သန်းနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး သူရဲ့ကလပ်ဟောင်း ပင်နဲရိုးလ်အသင်းနဲ့တောင် စီနီယာကစားသမားဘဝကို တစ်ရာသီလေးပဲ ဖြတ်သန်းထားခဲ့ရသေးတဲ့ ကစားသမားလေးဖြစ်ပါတယ်။ အတွေ့အကြုံတအားနုနယ်သေးတဲ့ ကစားသမားလေးဖြစ်ပေမယ့် ယူနိုက်တက်နည်းပြဆိုးလ်ရှားကတော့ ပယ်လယ်စထရီကို ယူနိုက်တက်စီနီယာအသင်းမှာ အသုံးပြုသွားဖို့ ဆုံးဖြတ်ထားခဲ့သလို အသင်းရဲ့ချန်ပီယံလိဂ်လူစာရင်းအတွင်းမှာပါ ထည့်သွင်းထားခဲ့ပါတယ်။

Photo Credit : Manchester United Latest

ပယ်လယ်စထရီနဲ့ပတ်သက်ပြီး သူနဲ့တစ်နိုင်ငံတည်းသား စီနီယာကြီးဖြစ်တဲ့ ကာဗာနီက “ပယ်လယ်စထရီက လူငယ်ကြယ်ပွင့်လေးတစ်ယောက်ပါ။ သူကစားတာကို ကြည့်ရတာ အရမ်းသဘောကျတယ်။ သူက တကယ့်ကို တောင်အမေရိက ကစားသမားကောင်းတစ်ယောက် ပုံစံအတိုင်းပါပဲ။ သူရဲ့ဘောလုံးသမားဘဝ ဖြတ်သန်းမှုက ကျွန်တော်တို့ ဥရုဂွေးမှာဆိုရင် “el campito” လို့ခေါ်ဆိုရမယ့် ယာယီဘောလုံးကွင်းလေးအတွင်းမှာ အသင်းဖော်တွေ တခြားသော ဘောလုံးဝါသနာရှင်တွေနဲ့အတူ ဖြတ်သန်းခဲ့တဲ့ပုံပါ။ သူက သင်ယူစရာတွေ အများကြီးရှိနေတဲ့ လူငယ်ကစားသမားလေးတစ်ယောက် ဆိုပေမယ့်လို့ နွေစျေးကွက်အတွင်းမှာတော့ ကမ်းလှမ်းမှုတွေ အများကြီးရခဲ့တဲ့သူပါ။ သူဘယ်လို ကစားသမားလဲဆိုတာကိုလည်း ပင်နဲရိုးလ်အသင်းမှာ ပြသနိုင်ခဲ့ပြီးပါပြီ။ ကျွန်တော်က သူ့ကို ပင်နဲရိုးလ်အသင်းမှာ စတင်ပွဲဦးထွက်ကတည်းက သဘောကျမိတာ။ ယူနိုက်တက်ကို သူရောက်လာတဲ့အချိန်မှာ ကစားသမားကောင်းတစ်ယောက်အဖြစ် ရင့်ကျင်လာအောင် သူရဲ့စီနီယာတွေဆီကနေ သင်ယူလိမ့်မယ်ဆိုတာကတော့ သံသယဝင်စရာကို မရှိပါဘူး။ လေ့လာသင်ကြားခြင်းက သူ့အတွက် အကောင်းဆုံးသော အတွေ့အကြုံတွေ ဖြစ်လာစေမှာပါ။ ” လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။ ဆယ်ကျော်သက်အရွှယ် လူငယ်ကြယ်ပွင့်ကစားသမားလေး ပယ်လယ်စထရီဟာ မနှစ်ကမှ သူရဲ့စီနီယာကစားသမားဘဝကို စတင်ခဲ့သူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံပွဲ(၃၀)အထိကို ပါဝင်ကစားနိုင်ခဲ့ပါတယ်။