အင်တာမီလန်အသင်းဟာ မနေ့ညက ကျင်းပသွားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်းမှာ ရီးရဲလ်မက်ဒရစ်အသင်းကို (၃)ဂိုး(၂)ဂိုးနဲ့ အရေးနိမ့်ခဲ့ရပြီးနောက် အုပ်စုပွဲစဉ်(၃)ပွဲကစားအပြီး ရမှတ်(၂)မှတ်သာ ပိုင်ဆိုင်ထားသေးလို့ အုပ်စုအောက်ဆုံးနေရာမှာ ရပ်တည်နေရပေမယ့် အသင်းရဲ့နည်းပြ အန်တိုနီယိုကွန်တီကတော့ သူရဲ့အသင်းအနေနဲ့ လက်ကျန်ပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေ ရယူသွားပြီး (၁၆)သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွေအထိ တတ်လှမ်းသွားလိမ့်မယ်လို့ ယုံကြည်မိကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Managing Madrid

စီးရီးအေထိပ်သီးကလပ် အင်တာဟာ မနေ့ညက ရီးရဲလ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ပထမပိုင်းအတွင်း သွင်းဂိုး(၂)ဂိုးကို ခွင့်ပြုခဲ့ရပေမယ့် မာတီနက်ဇ် ပါရီဆစ်တို့က အသင်းအတွက် ပြန်လည်ချေပနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲပြီးဖို့ (၁၀)မိနစ်လောက်အလိုမှာ လူစားဝင်တိုက်စစ်ကစားသမား ရိုဒရီဂိုရဲ့သွင်းဂိုးနဲ့ အင်တာတို့ ကပ်အရေးနိမ့်ခဲ့ရပြီး အုပ်စုအတွင်းမှာလည်း နိုင်ပွဲလုံးဝမရသေးကာ ရမှတ်(၂)မှတ်နဲ့ အောက်ဆုံးနေရာကို ရောက်လို့နေပါတယ်။ ဒီလိုအခြေအနေတွေနဲ့ပတ်သက်ပြီး နည်းပြကွန်တီက “ဒီပွဲရဲ့ရလဒ်ကတော့ ကျွန်တော်အတွက်ရော အသင်းသားတွေအားလုံးအတွက်ပါ ခါးသက်သက်ဖြစ်စေမှာ သေချာပါတယ်”

Photo Credit : Sempreinter

“ဒီလိုပွဲမျိုးမှာ ကျွန်တော်တို့အသင်းအနေနဲ့ တိုးတတ်မှုတွေရှိဖို့ လိုအပ်နေသေးတယ်ဆိုတာကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ဘယ်အသင်းတွေက မက်ဒရစ်ကိုလာပြီး ရီးရဲလ်လိုအသင်းကို ဒီလိုပုံစံနဲ့ ယှဉ်ပြိုင်ကစားနိုင်ခဲ့မလဲဆိုတာတော့ ကျွန်တော်လည်း သေချာမသိပါဘူး။ ကျွန်တော်တို့က (၂)ဂိုးအရင်ဆုံး အသွင်းခံခဲ့ရတယ်။ ဒါကို အကောင်းဆုံး ပြန်လည်ချေပနိုင်ခဲ့တယ်။ အနိုင်ဂိုးအတွက်ကတော့ အခွင့်အရေးတချို့ကို ကျွန်တော်တို့ လွဲချော်ခဲ့ရတယ်။ ကျွန်တော်ရဲ့အမြင်ကို ပြောရမယ်ဆိုရင်တော့ ဒီနေ့မှာ ကျွန်တော့်အသင်းက အရင်ပွဲတွေထက် ပိုကောင်းအောင်ကစားနိုင်ခဲ့တယ်။ ကစားသမားတွေရဲ့ စိတ်ဓါတ်ခွန်အားတွေ ပွဲအပေါ်ထားရှိတဲ့ စိတ်နေစိတ်ထားတွေအားလုံးကို ကျွန်တော်သဘောကျမိတယ်။ ခြေစွမ်းပိုင်းက တိုးတတ်လာခဲ့တယ်ဆိုပေမယ့် အသင်းရဲ့စွမ်းဆောင်ရည်နဲ့ ရလဒ်ကတော့ ထပ်တူမကျခဲ့ရဘူး။ အခုက နောက်ထပ်(၃)ပွဲ ကျန်ရှိနေပါသေးတယ်။ ဒါက အသင်းအနေနဲ့ နောက်ထပ်(၉)မှတ်ကို အရယူနိုင်သေးတယ်ဆိုတဲ့ သဘောမျိုးပါ။ လက်ရှိအနေအထားအရ ကျွန်တော်တို့အသင်းအတွက် ဒါက ခက်ခဲသွားပြီလို့ ယူဆနိုင်ပေမယ့်လည်း ကျွန်တော်တို့နောက်တစ်ဆင့်အထိ တတ်လှမ်းနိုင်ဖို့အတွက် စွမ်းဆောင်မှာပါ။ တတ်လှမ်းနိုင်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ အင်တာအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၇)ပွဲအတွင်းမှာ နိုင်ပွဲက (၁)ပွဲပဲ ရှိထားခဲ့တဲ့အထိ အသင်းရဲ့ပုံစံကောင်းက ပျောက်ဆုံးနေရပါတယ်။