ချယ်လ်ဆီးအသင်းကနေ ခေါ်ယူဖို့ စိတ်ဝင်စားခြင်းကို ရရှိလို့နေတဲ့ အသက်လက်တီမက်ဒရစ်အသင်းရဲ့နောက်ခံကစားသမား ဟိုဆေးဂျီမီနက်ဇ်က သူဟာ အသက်ငယ်စဉ်ကတည်းက ချယ်လ်ဆီးအသင်းကို လက်ရှိချယ်လ်ဆီးအသင်းရဲ့နည်းပြဖြစ်သူ ဖရန့်လမ်းပတ်ကိုပါ အားပေးခဲ့သူဖြစ်ကြောင်း အင်တာဗျူးတစ်ခုမှာ ဖြေဆိုလာခဲ့ရာ ဂျီမီနက်ဇ်နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့အပြောင်းအရွှေ့သတင်းတွေက ကျယ်ကျယ်လောင်လောင်တွေ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Daily Mail

အသက်(၂၅)နှစ်အရွှယ်ရှိ ဥရုဂွေးလက်ရွေးစင် ဗဟိုနောက်ခံကစားသမား ဟိုဆေးဂျီမီနက်ဇ်ဟာ ဥရောပရဲ့အကောင်းဆုံး နောက်ခံကစားသမားတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ကလပ်အသင်းပေါင်းများစွာရဲ့စိတ်ဝင်စားခြင်းကိုလည်း ခံယူနေရတာဖြစ်လို့ ဂျီမီနက်ဇ်အတွက် အသက်လက်တီကိုအသင်းဘက်ကနေ စာချုပ်လျော်ကြေးကို ပေါင်သန်းတစ်ရာကျော်ပမာလောက်နဲ့ ချုပ်ဆိုထားခဲ့ပါတယ်။ ဒီိပမာဏကြောင့် ဂျီမီနက်ဇ်ကို ခေါ်ယူချင်နေတဲ့ ချယ်လ်ဆီးဟာ အခက်တွေ့နေရပြီး အသက်လက်တီကိုကလည်း သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို စျေးလျော့ပေးဖွယ်မရှိပဲ ဖြစ်နေရပါတယ်။

Photo Credit : Daily Mail

ဒါပေမယ့် ဂျီမီနက်ဇ်ကိုယ်တိုင်က ချယ်လ်ဆီးအသင်းမှာ ပါဝင်ကစားချင်နေတဲ့အကြောင်း စပိန်လာလီဂါနဲ့ အင်တာဗျူးလုပ်စဉ်အတွင်း ထုတ်ဖော်ပြောဆိုလာခဲ့တာကြောင့် ချယ်လ်ဆီးအသင်းအတွက် မျှော်လင့်ချက် ပြန်လည်အားကောင်းလာဖွယ် ရှိနေတယ်လို့ သုံးသပ်လာခဲ့ကြပါတယ်။ ဂျီမီနက်ဇ်က “ကျွန်တော်က လမ်းပတ်နဲ့ တွဲဖက်ကစားဖူးချင်တာပါ။ ကျွန်တော်ငယ်ငယ်တုန်းကလည်း ချယ်လ်ဆီးအသင်းနဲ့ပွဲစဉ်တွေကို အားပေးကြည့်ရှခဲ့ပါသေးတယ်။ သူတို့အသင်းကို သဘောကျခဲ့ပါတယ်” ထုတ်ပြန်ပြောဆိုလာခဲ့တာကြောင့် ချယ်လ်ဆီးအသင်းရဲ့မျှော်လင့်ချက်ကို အားကောင်းစေလာမှာ အမှန်ပါပဲ။ လက်ရှိမှာ ချယ်လ်ဆီးအသင်းဟာ ဟိုဆေးဂျီမီနက်ဇ်အပြင် ဂျီမီနက်ဇ်ရဲ့အသက်လက်တီကိုအသင်းဖော်ဖြစ်တဲ့ ဆလိုဗေးနီးယားဂိုးသမား ဂျန်အော့ဘလက်ကိုလည်း ခေါ်ယူချင်နေပြီး ကစားသမား(၂)ယောက်ပေါင်းရင် အနည်းဆုံး ပေါင်သန်း(၂၀၀)လောက်အထိ အသုံးပြုရဖွယ် ရှိနေတာကြောင့် အသင်းအတွက် အမှန်တကယ်လိုအပ်နေတဲ့ အော့ဘလက်ကိုပဲ ဦးစားပေးကမ်းလှမ်းလာဖွယ် ရှိနေပါတယ်။ ဒါ့အပြင် ချယ်လ်ဆီးအသင်းဟာ လေဗာကူဆင်အသင်းရဲ့ ဂျာမန်ကွင်းလယ်တိုက်စစ်ကစားသမား ကိုင်းလ်ဟားဗက်ဇ်ကိုလည်း ပစ်မှတ်ထားလို့နေပါတယ်။