ဘောလုံးသမားတိုင်းမှာ သူတို့အားပေးတဲ့ ဘောလုံးအသင်းတွေများစွာ ရှိနေတတ်ပြီး အဲ့ဒီအသင်းတွေကလည်း သူတို့လက်ရှိကစားနေတဲ့ အသင်းတွေရဲ့ခါးသီးလှတဲ့ ပြိုင်ဘက်အသင်းတွေ ဖြစ်နေတတ်ပါတယ်။ ဥပမာဆိုရင် မန်စီးတီးတောင်ပံကစားသမား စတာလင်ဟာ သူငယ်စဉ်က မန်ချက်စတာယူနိုက်တက်အသင်းကို အားပေးခဲ့သူဖြစ်ခဲ့ပေမယ့် လက်ရှိမှာ ယူနိုက်တက်ရဲ့ မြို့ခံအသင်းမှာ ပါဝင်နေရတာဖြစ်သလို မန်စီးတီးကို မရောက်ခင်မှာလည်း ယူနိုက်တက်ရဲ့ ခါးသီးပြိုင်ဘက် လီဗာပူးလ်အသင်းမှာ ပါဝင်ခဲ့ပါသေးတယ်။

ဒီလိုအလားတူပုံစံအတိုင်း ဒီနေ့မှာပဲ ဝုလ်ဗ်အသင်းကနေ စပါးအသင်းဆီ ရောက်ရှိလာခဲ့တဲ့ အိုင်ယာလန်ညာနောက်ခံကစားသမား မက်ဒိုဟာသီဟာလည်း စပါးအသင်းဆီ မရောက်ရှိခင်တုန်းက အာဆင်နယ်အသင်းကို အားပေးခဲ့သူဖြစ်ပြီး သူရဲ့တွစ်တာပေါ်မှာပါ “အာဆင်နယ်ကို ထာဝရအားပေးနေတယ်” ဆိုတဲ့ ပို့စ်နှစ်ခုကိုပါ ရေးသားခဲ့ပါသေးတယ်။ ဒါပေမယ့် ဒိုဟာသီက စပါးအသင်းကို ရောက်ရှိလာချိန်မှာ အသင်းရဲ့ကစားသမားမိတ်ဆက်တဲ့ ဗီဒီယိုဖိုင်အတွင်း သူရေးသားခဲ့တဲ့ အာဆင်နယ်ကို အရမ်းနှစ်သက်ကြောင်း ရေးသားထားတဲ့ပို့စ်(၂)ခုကို ဟာသနှောပြီး ပြန်လည် Delete လုပ်သွားခဲ့ရပါတယ်။

ဒီဗီဒီယိုဟာ တွစ်တာပေါ်မှာ အတော်လေးကို လူကြိုက်များသွားခဲ့ရပြီး ကလပ်အသင်းတစ်သင်းဆီ ကစားသမားအသစ် ရောက်ရှိလာတဲ့အခါ ပြုလုပ်လေ့ရှိတဲ့ ကစားသမားသစ်မိတ်ဆက် ဗီဒီယိုတွေအားလုံးထဲမှာ အကောင်းဆုံးပဲလို့တောင် သတ်မှတ်နေခဲ့ပါတယ်။ အသက်(၂၈)နှစ်အရွှယ်ရှိ အိုင်ယာလန်လက်ရွေးစင် နောက်ခံကစားသမား ဒိုဟာသီဟာ ဝုလ်ဗ်ကနေ စပါးအသင်းဆီကို ပေါင်(၁၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းနဲ့ လမ်းခွဲသွားဖွယ်ရှိနေတဲ့ ဆာဂျီအော်ရီယာနေရာမှာ အစားထိုးဖို့အတွက်လည်းဖြစ်ပါတယ်။ အသင်းမှာ ကျောနံပါတ်(၂)ကို ဝတ်ဆင်သွားမယ့် ဒိုဟာသီဟာ အာဆင်နယ်အသင်းကို အားပေးခဲ့သူဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၁၂ခုနှစ်တုန်းက သူရဲ့တွစ်တာပေါ်မှာ အာဆင်နယ်ကို ချစ်မြတ်နိုးကြောင်း ရေးသားဖော်ပြခဲ့သလို နောက်ထပ်ပို့စ်တွေလည်း ရေးသားခဲ့မိတာကြောင့် အခုလို လန်ဒန်အသင်းတစ်သင်းဆီ ရောက်ရှိလာချိန်မှာ အဲ့ဒီပို့စ်တွေကို ဖျက်ပစ်ခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒိုဟာသီဟာ ဒီရာသီမှာ စပါးအသင်းဘက်ကနေ ခေါ်ယူထားတဲ့ တတိယမြောက် ကစားသမားဖြစ်လာခဲ့ပြီး သူ့မတိုင်ခင် ဟိုလီဘတ်နဲ့ ဂျိုးဟတ်တို့ကို ခေါ်ယူထားခဲ့ပါသေးတယ်။