စပိန်လာလီဂါကလပ် ဆီဗီလာအသင်းမှာ ရာသီကုန်အထိ ပါဝင်ကစားနေတဲ့ တိုက်စစ်ကစားသမား အန်တိုနီမာစီယဲလ်က သူရဲ့လက်ရှိကလပ် ဆီဗီလာမှာ ပျော်ရွှင်နေရပေမယ့် သူရဲ့မူလ ကလပ်အသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းမှာတော့ ပွဲကစားခွင့်တွေ နည်းပါးခြင်းနဲ့ ပတ်သက်ပြီး ဘောလုံးကစားခြင်းအပေါ်မှာပါ ချစ်မြတ်နိုးမှုတွေ အနည်းငယ် လျော့နည်းလာခဲ့ရတယ်လို့ ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

Photo Credit : FIFA

အသက်(၂၆)နှစ်အရွှယ်ရှိ ပြင်သစ်တိုက်စစ်ကစားသမား မာစီယဲလ်ဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်ကမှ ယူနိုက်တက်ကနေ ဆီဗီလာအသင်းဆီကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ အသင်းအတွက် (၆)ပွဲ ပါဝင်ကစာထားခဲ့ပြီး သွင်းဂိုး(၁)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၅ခုနှစ်ကမှ မိုနာကိုကနေ ယူနိုက်တက်ကို ရောက်ရှိလာခဲ့တဲ့ မာစီယဲလ်ဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ သူရဲ့ ယူနိုက်တက် ကကစားသမားဘဝ အတောက်ပဆုံးအချိန် ဖြစ်ခဲ့ပြီး တစ်ရာသီအတွင်းမှာ သွင်းဂိုး(၂၃)ဂိုးထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီရာသီနောက်ပိုင်း သူရဲ့ Form က အတော်လေး ထိုးကျသွားခဲ့ရာ ပွဲကစားခွင့်တွေပါ ဆုံးရှုံးလာခဲ့ရပြီး နောက်ဆုံးမှာတော့ အသင်းကနေ အငှားနဲ့ပါ ထွက်ခွာသွားခဲ့ရပါတယ်။

Photo Credit : Sports News

ယူနိုက်တက်မှာ ရှိနေစဉ်က အကြောင်းတွေနဲ့ ပတ်သက်ပြီး မာစီယဲလ်က “လူတွေက ကျွန်တော့်ကို တကယ်မသိလို့ပါပဲ။ တစ်ခါတစ်ရံမှာ ကျွန်တော် မပြုံးမရွှင် ဖြစ်နေတာကို ခင်ဗျားမြင်တွေ့နိုင်တယ်။ ဒါပေမယ့် လူနေမှုဘဝမှာတော့ ကျွန်တော် အမြဲတမ်း ပြုံးရွှင်ပြီးပဲ နေတတ်တာ။ ဒါက ကျွန်တော် ဘယ်လိုခံစားချက်မျိုး ဖြစ်နေတယ်ဆိုတာကို ပြသနေတာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် ကွင်းထဲမှာ အစွမ်းကုန်ကြိုးစားနေလို့ပါပဲ။ ပြုံးရွှင်နေတာမျိုး မရှိပေမယ့် အာရုံစိုက်မှုတော့ အမြဲရှိပါတယ်။ လူတွေကတော့ သူတို့ လိုချင်တာကိုပဲ တွေးတတ်ကြလိမ့်မယ်လေ။ ဒါကလည်း ကျွန်တော့်အတွက် အဆင်ပြေပါတယ်။ ကျွန်တော့်အတွက်ကတော့ ဘောလုံးကို ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်ကစားရတာ အကောင်းဆုံး ရွေူးချယ်မှုတစ်ခု ဖြစ်ခဲ့ရပါတယ်။ မန်ချက်စတာမှာ ရှိနေစဉ်တုန်းကတော့ ဒီလို ခံစားချက်မျိုးျတွေ အနည်းငယ် ပျောက်ဆုံးခဲ့ရပါတယ်။ ဒါကလည်း ကျွန်တော်ရဲ့ ပွဲကစားချိန်တွေ နည်းပါးခဲ့ရလို့ပါပဲ။ ဆီဗီလာမှာတော့ ကျွန်တော် ခံစားချက်တွေ အရမ်းကောင်းနေပါတယ်။ မြို့ကလည်း အရမ်းကောင်းသလို ကျွန်တော်တို့ကလည်း အသင်းကောင်းတစ်သင်းပါ။ ကျွန်တော့်အတွက် ပြီးပြည့်စုံနေသလိုပါပဲ။ ဒီမှာ ပွဲကစားခွင့်တွေရလို့ အရမ်း ပျော်ရွှ့င်မိတယ်။ ဒါပေမယ့် ကျွန်တော် ဒီမှာ ရာသီကုန်အထိပဲ ရှိနေရမှာပါ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။