ဂျုဗင်တပ်စ်အသင်းရဲ့ တိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုကတော့ ဘောလုံးကွင်းတွေအတွင်းမှာ ပွဲကြည့်ပရိသတ်တွေမရှိပဲ ဘောလုံးကစားနေရခြင်းက သူ့အတွက် အတော်လေးကို ပျင်းရိစရာကောင်းလို့နေတဲ့အပြင် သူအနေနဲ့လည်း ပရိသတ်ရဲ့အားပေးမှုတွေအပြင် သူ့နာမည်ကို လှောင်ပြောင်အော်ဟစ်သံတွေကိုပါ လွမ်းဆွတ်မိနေတယ်လို့ ဖွင့်ဟပြောဆိုလိုက်ပြီး လာမယ့်နှစ်မှာတော့ ကွင်းထဲကို ပရိသတ်တွေ ပြန်လည်ဝင်ရောက်လာတာကို တွေ့မြင်ချင်တယ်လို့လည်း ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Bangkok Post

2020 Globe Awards ကနေ ပေးအပ်ခဲ့တဲ့ ဆယ်စုနှစ်ရဲ့အကောင်းဆုံးဘောလုံးသမားဆုကို လက်ခံရရှိခဲ့တဲ့ ရော်နယ်ဒိုက ဆုရယူပြီးနောက်မှာ ကွင်းထဲကို ပရိသတ်တွေ ဝင်ရောက်ခွင့်မရရှိသေးတဲ့ အကြောင်းကိစ္စနဲ့ပတ်သက်ပြီး သူရဲ့စိတ်ခံစားချက်တွေကို ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။ ရော်နယ်ဒိုက “အရိုးသားဆုံးပြောရရင်တော့ ကျွန်တော်အတွက် ပရိသတ်တွေ တစ်ဦးတစ်ယောက်မှ မပါဝင်တဲ့ ကွင်းအတွင်းမှာ ဘောလုံးကစားရတာက ပျင်းရိစရာကောင်းတယ်လို့ ထင်မြင်မိပါတယ်။ ကျွန်တော်တို့အားလုံးက စည်းမျဉ်းစည်းကမ်းတွေအားလုံးကို လေးစားလျက်ရှိသလို ကျန်းမာရေးကသာ အားလုံးအတွက် အရေးအကြီးဆုံးသောအရာဆိုတာကိုလည်း သိထားပါတယ်”

Photo Credit : Forza Italia Football

“ဒါပေမယ့် ကျွန်တော်ကတော့ ပရိသတ်တွေ မပါဝင်ပဲ ကစားရတာကို လုံးဝမနှစ်သက်ပါဘူး။ ကျွန်တော်ဘောလုံးကစားရတာက အရမ်းချစ်မြတ်နိုးပါတယ်။ ကျွန်တော်ရဲ့ ရည်မှန်းချက်က အမြဲတမ်းဘောလုံးကစားရဖို့ပါ။ ကျွန်တော်ရဲ့မိသားစု ရင်သွေးတွေ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပရိသတ်တွေအားလုံးအတွက် ဘောလုံးကစားနေတာပါ။ ဒါပေမယ့် ပရိသတ်မပါပဲ ကစားနေရတာကြီးက ထူးခြားနေပြီး ကျွန်တော်တော့ ဘယ်လိုမှ သဘောမကျပါဘူး။ ကျွန်တော့်ကို ပရိသတ်တွေက လှောင်ပြောင်တာမျိုးကိုပါ ကျွန်တော်သဘောကျတယ်။ ဘောလုံးတစ်ချက် ထိလိုက်တာနဲ့ လှောင်ပြောင်ကြတာမျိုးကို တကယ်သဘောကျတယ်။ လာမယ့် ၂၀၂၁ခုနှစ်မှာတော့ စည်းမျဉ်းတွေ ပြောင်းလဲလာပြီး ကွင်းအတွင်း ပရိသတ်အပြည့်ကို ပြန်လည်မြင်တွေ့ရဖို့ကို မျှော်လင့်မိပါတယ်” လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ လက်ရှိမှာတော့ ရော်နယ်ဒိုဟာ ခရစ်စမတ် အားလပ်ရက်ကြောင့် အနားယူလို့နေရပြီး လာမယ့် ၂၀၂၁ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့မှသာ စီးရီးအေပွဲစဉ်တွေကို ပြန်လည်ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ လတ်တလောမှာတော့ ရော်နယ်ဒိုဟာ စီးရီးအေမှာ သွင်းဂိုး(၁၂)ဂိုး ရယူထားနိုင်ခဲ့ပြီး စီးရီးအေမှာ သူတစ်ခါမှ မရယူဖူးသေးတဲ့ စီးရီးအေဂိုးသွင်းအများဆုံးဆုကို ပိုင်ဆိုင်နိုင်ဖို့ အခြေအနေအကောင်းဆုံး ဖြစ်လို့နေပါတယ်။