မန်ယူ နည်းပြ ဆိုးလ်ရှားကတော့ လက်ရှိအချိန်ဟာ မန်ယူအသင်းရဲ့ ဂန္တဝင် နည်းပြဟောင်း ဖြစ်တဲ့ ဆာ အဲလက်စ် ဖာဂူဆန်ရဲ့ ခေတ် မဟုတ်တော့ပါဘူးလို့ ပြောသွားခဲ့ပြီး အသင်းမှာ လိုအပ်ချက်တွေ ရှိနေတာကို အသိအမှတ် ပြုခဲ့ပါတယ်။ မန်ယူအသင်းဟာ စနေနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဝုဗ်လ်အသင်းကို အိမ်ကွင်းမှာ သရေကျခဲ့တာကြောင့် ပရီးမီးယားလိဂ် အမှတ်ပေး ပြိုင်ပွဲမှာ ရမှတ် (၃၅) မှတ်နဲ့ အဆင့် (၇) နေရာ ကျသွားခဲ့ပြီး အဆင့် (၄) နေရာနဲ့ (၆) မှတ် ကွာဟခဲ့ပါတယ်။

Photo Credit: Goal

မန်ယူအသင်းဟာ အားလုံးသိကြတဲ့ အတိုင်း နည်းပြဟောင်း ဖာဂူဆန်ရဲ့ ခေတ်မှာ အင်္ဂလန်နိုင်ငံရဲ့ အင်အား အကြီးဆုံး ဖြစ်ခဲ့ပြီး နည်းပြ ဖာဂူဆန်ရဲ့ လက်ထက်မှာ ပွဲပေါင်း (၁၅၀၀) ကစားခဲ့ရာကနေ (၈၉၅) ပွဲ အနိုင်ရရှိခဲ့ပါတယ်။ မန်ယူအသင်းဟာ (၂၀၁၃) ခုနှစ်မှာ နည်းပြ ဖာဂူဆန် အနားယူခဲ့စဉ်ကတည်းက ခြေစွမ်း သိသာစွာ ကျဆင်းလာပြီး ပရီးမီးယားလိဂ် ဆုဖလား မရနိုင်ခဲ့တော့တာကြောင့် နည်းပြ ဆိုးလ်ရှားက လက်ရှိအချိန်က နည်းပြ ဖာဂူဆန်ရဲ့ ခေတ် မဟုတ်တော့ဘူးလို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

နည်းပြ ဆိုးလ်ရှားဟာ အပြောင်းအရွှေ့မှာ လူသစ် ခေါ်ယူခဲ့တာနဲ့ ပက်သက်ပြီး အမေးခံရတဲ့ အခါမှာ သူက “ကျွန်တော် လူသစ်ခေါ်ယူဖို့ တောင်းဆိုနေခဲ့ပါတယ်။ ပရိသတ်တွေက ကျွန်တော်တို့ ဘာတွေ ဆက်လုပ်သွားမလဲ နဲ့ ဘာတွေ လုပ်ခဲ့ပြီးပြီလဲ ဆိုတာ မြင်ကြတယ်လို့ ကျွန်တော် ထင်မြင်မိပါတယ်။ အခုအချိန်က ဆာ အဲလက်စ် ဖာဂူဆန်ရဲ့ ခေတ် မဟုတ်တော့ဘူး ဆိုတာကို ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ရှိတဲ့ ကစားသမားတွေက စိတ်ထားမှန်ကြပါတယ်”လို့ ပြောသွားခဲ့ပါတယ်။