နယ်သာလန်လက်ရွေးစင်အသင်းရဲ့ ကစားသမားဟောင်းလည်းဖြစ် နည်းပြဟောင်းလည်းဖြစ်တဲ့ ဗန်ဘက်စတန်က သူရဲ့ဂျူနီယာကစားသမားလေး ကွင်းလယ်လူဒွန်နီဗန်ဒယ်ဘိခ်အနေနဲ့ အေဂျက်စ်အသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ခဲ့မိတာကို အခုချိန်မှာ နောင်တရနေမှာဖြစ်ပြီး တကယ်တမ်းဆိုရင် ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုထက် ပိုမိုကောင်းမွန်တဲ့ ကမ်းလှမ်းမှုတွေကို ရောက်ရှိလာမယ့်အချိန်ကို စောင့်ဆိုင်းခဲ့သင့်တယ်လို့ မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၂၃)နှစ်အရွှယ်ရှိ နယ်သာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဗန်ဒယ်ဘိခ်ဟာ ဒီနှစ်နွေစျေးကွက်အတွင်းမှာပဲ အေဂျက်စ်ကနေ ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပေမယ့် အခုအချိန်ထိ ပရီးမီးယားလိဂ်မှာ တစ်ပွဲမှ ပွဲထွက်ကစားရသေးခြင်းမရှိပဲ လူစားဝင်ကစားသမားအဖြစ် စုစုပေါင်း(၆၁)မိနစ်သာ ပါဝင်ကစားထားရသလို ချယ်လ်ဆီးအသင်းနဲ့ပွဲမှာဆိုရင်လည်း လုံးဝကို ပါဝင်ခဲ့ရခြင်း မရှိခဲ့ပါဘူး။ အခုလို အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ ဗန်ဒယ်ဘိခ်နဲ့ပတ်သက်ပြီး သူရဲ့စီနီယာကြီးဖြစ်တဲ့ ဗန်ဘက်စတန်က “ဒွန်နီအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းဆီကို မပြောင်းခဲ့သင့်ပါဘူး”

Photo Credit : Daily Mail

“တကယ်လို့ သင်က ကစားသမားကောင်းတစ်ယောက် ဖြစ်နေပြီဆိုရင် သင်အနေနဲ့ အပတ်စဉ်တိုင်းမှာ ပွဲထွက်ကစားရဖို့ လိုအပ်ပါလိမ့်မယ်။ ဒွန်နီလို ကစားသမားတစ်ယောက်က ဘောလုံးရာသီတစ်ခုမှာ (၆)ပွဲ(၇)ပွဲလောက်ပဲ ကစားရမယ်ဆိုရင်တော့ လုံးဝကို ဆိုးရွားလွန်းပါတယ်။ ဒါက သင်တို့ရဲ့ပွဲစည်းချက်အတွက် အံ့အားသင့်စရာပါပဲ။ သူက ဒီထက်မကကို ပိုကောင်းအောင် ကစားပြနိုင်လိမ့်မယ်ဆိုတာလည်း ကျွန်တော်သိထားပြီးသား။ ဒါပေမယ့် ထိပ်တန်းကစားသမားတစ်ယောက်အနေနဲ့တော့ အသင်းသစ်တစ်သင်းနဲ့ စာချုပ်ချုပ်ဆိုဖြစ်လိုက်မယ်ဆိုရင် အဲ့ဒီအသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်နေဖို့လိုသလို အမြဲတမ်းပါဝင်ကစားခွင့်တွေလည်း ရရှိဖို့လိုပါမယ်။ ဒွန်နီအနေနဲ့ ယူနိုက်တက်ကို မရွေးချယ်ခင် ဒီထက်ပိုကောင်းတဲ့ ကမ်းလှမ်းမှုတွေကို ဆက်လက်စောင့်ဆိုင်းခဲ့သင့်ပါတယ်” လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်ကစားသမားဟောင်း ပက်ထရစ်အီဗရာကလည်း အသင်းဟာ ဒွန်နီဗန်ဒယ်ဘိခ်ကို အသင်းအတွက် အမှန်တကယ် လိုအပ်ခြင်းမရှိပဲ ခေါ်ယူလိုက်ခြင်း ဖြစ်နေရတယ်လို့ ဝေဖန်ခဲ့သလို ဂယ်ရီနဖီးလ်ကလည်း ဗန်ဒယ်ဘိခ်အနေနဲ့ ချယ်လ်ဆီးနဲ့ပွဲအတွင်း အရန်ခုံမှာ ထိုင်နေပြီးတော့ ငါဒီမှာ ဘာလာလုပ်နေရသလဲဆိုပြီး တွေးမိကာ စိတ်ဓါတ်တွေ ကျဆင်းလာနိုင်လိမ့်မယ်လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။