မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသမားဖြစ်ပြီး အသင်းအတွက် အမြဲတမ်း ကယ်တင်နေသူဖြစ်တဲ့ ဒေးဗစ်ဒီဂီယာက အသင်းရဲ့ လက်ရှိအခြေအနေဆိုးတွေအပေါ် သူနားမလည်မိအောင် ဖြစ်နေသလို ဘာတွေ မှားယွင်းနေသလဲ ဆိုတာကိုလည်း မတွေးတတ်အောင် ဖြစ်ရတယ်လို့ ညည်းတွားပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Twitter

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့အသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ အရေးနိမ့်ခဲ့လို့ အက်အေဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရသလို ဒီပွဲအပြီး ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အမှတ်ပေးဇယားအောက်က ဘန်လေအသင်းနဲ့ ရင်ဆိုင်ရမှာလည်း တစ်ဂိုးအသာနဲ့ ဦးဆောင်ထားရာကနေ ချေပဂိုး ပြန်လည်ခွင့်ပြုခဲ့ရကာ တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျခဲ့ရပါတယ်။ ယူနိုက်တက်အသင်းဟာ ယာယီနည်းပြ ရန်းဂ်နစ်လက်ထက် ထိပ်တန်းအသင်းတွေနဲ့ မရင်ဆိုင်ရသေးပေမယ့် ကစားထားခဲ့ရတဲ့ ပရီးမီးယားလိဂ်(၉)ပွဲမှာ (၄)ပွဲကို အမှတ်လျော့ထားခဲ့ရသလို ပြိုင်ပွဲတစ်ခုကနေလည်း ထွက်ခွာထားခဲ့ရပါတယ်။

Photo Credit : Sporting News

အသင်း အနိုင်ရတဲ့ ပွဲစဉ်တွေမှာ နိုင်ပွဲအတွက် အရေးကြီးတဲ့ နေရာကနေ ပါဝင်ထားခဲ့တဲ့ ဂိုးသမား ဒီဂီယာက အသင်းရဲ့ လက်ရှိအခြေအနေတွေအပေါ်မှာ နားမလည်နိုင်အောင် ဖြစ်နေရတယ်လို့ ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။ ဒီဂီယာက “တစ်စုံတစ်ယောက်က ငါတို့ကို ကျျိန်စာတိုက်ထားတာ ထင်တယ်။ အမှန်ကတော့ ဘာတွေဖြစ်နေသလဲဆိုတာကို ငါလည်း မသိတာ။ ငါတို့ အသင်းဖော်တွေအတူ ဒီအကြောင်းကို ပြောကြတဲ့အခါတိုင်းမှာလည်း ငါတို့ဘာတွေ ဖြစ်နေကြတာလဲမသိဘူးဆိုတာကိုပဲ ပြောမိကြတယ်။ ငါတို့တွေအနေနဲ့ ဆုဖလားတွေနဲ့ ပိုကြီးမားတဲ့ ဆုဖလားကြီးတွေအတွက် ယှဉ်ပြိုင်နိုင်သင့်ပေမယ့်လည်း ဘာကြောင့် အသင်းက သေချာ အလုပ်မဖြစ်ရသလဲဆိုတာကို ငါတို့နားမလည်နိုင်အောင် ဖြစ်နေရတယ်” လို့ ညည်းတွားပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၆)နေရာကို ရောက်ရှိနေပြီး အဆင့်(၄)နေရာက ဝက်စ်ဟမ်းထက် (၁)ပွဲလျော့ (၁)မှတ်ကွာ အနေအထား ဖြစ်နေလို့ Top (4)နေရာအတွက် မျှော်လင့်ချက် ရှိသေးပေမယ့် လာမယ့်ပွဲစဉ်တွေမှာ ပွဲကျပ်တွေ တောက်လျှောက်ရှိလာမှာ ဖြစ်သလို Top(4)နေရာအတွက်ကလည်း အပြိုင်အဆိုင် ဖြစ်နေတာကြောင့် ယူနိုက်တက်တို့ ခက်ခက်ခဲခဲ ကြိုးပမ်းရနိုင်ပါတယ်။