MySport Myanmar

၂၀၂၆ ကမ္ဘာ့ဖလားနဲ့ ပတ်သက်ပြီး ဘာမှမဆုံးဖြတ်ရသေးဘူးလို့ မက်ဆီ ဆို

အာဂျင်တီးနားအသင်းရဲ့ ကမ္ဘာကျော်တိုက်စစ်မှူး လီယွန်နယ် မက်ဆီက ၂၀၂၆ ခုနှစ်မှာ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတို့မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူပါဝင်ကစားမလားဆိုတဲ့အပေါ် သံသယများ ဖြစ်ပေါ်စေခဲ့ပြီး သူရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ဘာမှမဆုံးဖြတ်ရသေးဘူးလို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။

ဗင်နီဇွဲလားအသင်းကို ၃-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်ဟာ သူ့အတွက် အိမ်ကွင်းနောက်ဆုံး ခြေစစ်ပွဲဖြစ်လာနိုင်ဖွယ်ရှိနေပြီး ပွဲအပြီးမှာတော့ ၂၀၂၂ ခုနှစ်က သူကိုင်မြှောက်ခဲ့တဲ့ ကမ္ဘာ့ဖလားသရဖူကို ကာကွယ်ဖို့ ကြိုးစားမလားဆိုတဲ့အပေါ် ရှင်းလင်းတဲ့ အဖြေပေးဖို့ ရှောင်ရှားခဲ့ပါတယ်။

Photo Credit : Goal

“အရင်ကတည်းက ကျွန်တော်ပြောခဲ့သလိုပဲ။ နောက်ထပ်ကမ္ဘာ့ဖလားတစ်ကြိမ် ကစားဖြစ်တော့မယ်လို့ မထင်ပါဘူး။ ကျွန်တော့်အသက်အရွယ်အရ မပါဝင်နိုင်တော့ဘူးလို့ တွေးတာက ယုတ္တိရှိပါတယ်။” လို့ မက်ဆီက TyC Sports ကို ပြောကြားခဲ့ပါတယ်။ မက်ဆီက ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပါဝင်ကစားရေးဟာ သူ့ရဲ့ကြံ့ခိုင်မှုအပေါ်မှာသာ မူတည်နေကြောင်း ဝန်ခံခဲ့ပါတယ်။

“နေ့စဉ်နဲ့အမျှ ကျွန်တော် နေလို့ကောင်းအောင် ကြိုးစားနေတယ်။ အဓိကကတော့ ကိုယ့်ကိုယ်ကိုယ် ရိုးသားဖို့ပါပဲ။ ကျွန်တော် နေလို့ကောင်းနေတဲ့အချိန်မှာ ပွဲကစားရတာကို ပျော်မွေ့ပါတယ်။ ဒါပေမဲ့ နေလို့မကောင်းရင်တော့ ရိုးရိုးသားသားပြောရရင် ကျွန်တော်မပျော်ဘူး။ အဲ့ဒီလိုသာဆိုရင် အဲ့ဒီမှာ မရှိနေတာက ပိုကောင်းပါတယ်။ ဒါကြောင့် စောင့်ကြည့်ရမှာပါ။ ကမ္ဘာ့ဖလားနဲ့ပတ်သက်ပြီး ကျွန်တော် ဘာမှမဆုံးဖြတ်ရသေးပါဘူး။ ရာသီပြီးဆုံးတဲ့အထိ တစ်ပွဲချင်းကစားသွားမယ်။ ပြီးရင် ရာသီကြိုပြင်ဆင်မယ်။ နောက်ခြောက်လလောက်အကြာမှာ ကျွန်တော်ဘယ်လိုခံစားရလဲဆိုတာ ကြည့်ပြီးမှ ဆုံးဖြတ်ချက်ချမှာပါ။” လို့ သူက ဆိုပါတယ်။

Photo Credit : Goal

ဒီပွဲစဉ်မှာ နှစ်ဂိုးသွင်းယူပေးခဲ့တဲ့ မက်ဆီဟာ အာဂျင်တီးနားအတွက် သူ့ရဲ့စံချိန်တင်ဂိုးအရေအတွက်ကို (၁၁၄)ဂိုးအထိ တိုးမြှင့်နိုင်ခဲ့ပါတယ်။ သူဟာ မျိုးဆက်တစ်ခုလုံးရဲ့ ချစ်ခင်မှုကို ရရှိခဲ့တဲ့ ဘာစီလိုနာကနေ ထွက်ခွာခဲ့ပြီးနောက် အခုလို ကိုယ့်နိုင်ငံက ပရိသတ်တွေရဲ့ ချစ်ခင်မှုနဲ့အတူ အိမ်ကွင်းနောက်ဆုံးခြေစစ်ပွဲကို အဆုံးသတ်နိုင်ခဲ့တဲ့အတွက် အလွန်ပျော်ရွှင်မိကြောင်းလည်း ပြောကြားခဲ့ပါတယ်။

သူ့ရဲ့အသင်းဖော်ဖြစ်သူ အင်တာမီလန်တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်ကလည်း “ဒါက စိတ်လှုပ်ရှားစရာကောင်းတဲ့ ညတစ်ညပါပဲ။ လီယိုဆိုတဲ့လူက ကစားသမားတစ်ယောက်အနေနဲ့သာမက လူတစ်ယောက် ခေါင်းဆောင်တစ်ယောက်အနေနဲ့ပါ နေ့တိုင်းကျွန်တော်တို့ကို သင်ခန်းစာတွေ ပေးနေတာကြောင့် ဒီညကို ကျွန်တော်တို့ ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။ တောင်အမေရိကဇုန် ခြေစစ်ပွဲမှာ ၃၈ မှတ်နဲ့ ဦးဆောင်နေတဲ့ အာဂျင်တီးနားအသင်းဟာ လာမယ့်အင်္ဂါနေ့မှာတော့ အီကွေဒေါအသင်းနဲ့ အဝေးကွင်း သွားရောက်ကစားပြီး သူတို့ရဲ့ခြေစစ်ပွဲခရီးစဉ်ကို အဆုံးသတ်ရမှာ ဖြစ်ပါတယ်။

Exit mobile version