မန်ချက်စတာယူနိုက်တက်အသင်းဆီကို တကျော့ပြန်ရောက်လာခဲ့တဲ့ နာမည်ကျော် ပေါ်တူဂီ တိုက်စစ်ကစားသမားကြီး ခရစ္စတီယာနိုရော်လ်ဒိုဟာ အသင်းနဲ့ ဒုတိယအကြိမ်အဖြစ် ပြန်လည်ပွဲဦးထွက်ခဲ့ရတဲ့ ပွဲစဉ်အတွင်းမှာပဲ အသင်းအတွက် သွင်းဂိုး(၂)ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး အသင်းနဲ့လည်း ပွဲချိန်ပြည့် ပါဝင်ကစားသွားခဲ့ရပေမယ့် အသင်းရဲ့ ပွဲစဉ်တိုင်းမှာတော့ ရော်နယ်လ်ဒိုကို အမြဲကစားခွင့်ပေးလို့ မဖြစ်နိုင်ဘူးလို့ ယူနိုက်တက်နည်းပြ အိုလေဂန်နာဆိုးလ်ရှားက ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit :  Sky Sports

အသက်(၃၆)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် ကစားသမားကြီး ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းမှာပဲ ဂျုဗင်တပ်စ်အသင်းကနေ အသင်းဟောင်း ယူနိုက်တက်အသင်းဆီကို မမျှော်လင့်ပဲ ပြန်လည်ပြောင်းရွှေ့လာခဲ့တာဖြစ်သလို အသင်းနဲ့ ပြန်လည်ပါဝင်ကစားခဲ့ရတဲ့ ပွဲစဉ်မှာပဲ သွင်းဂိုး(၂)ဂိုးကို သွင်းယူပေးခဲ့သလို ပွဲချိန်လည်း ပါဝင်ကစားနိုင်ခဲ့ပါတယ်။ ဒီလို ပွဲချိန်ပြည့် ပါဝင်ကစားသွားခဲ့ရတဲ့ ရော်နယ်လ်ဒိုနဲ့ပတ်သက်ပြီး နည်းပြဆိုးလ်ရှားက ရော်နယ်လ်ဒိုရဲ့ ကြံခိုင်မှု အခြေအနေနဲ့ ရှေ့လာမယ့် ပွဲစဉ်တချို့မှာ ရော်နယ်လ်ဒိုကို အနားပေးဖို့ လိုအပ်တယ်ဆိုရင် အနားပေးသွားမှာဖြစ်ပြီး အသင်းရဲ့ ပွဲစဉ်တိုင်းမှာတော့ ထည့်သွင်း အသုံးပြုနိုင်မှာ မဟုတ်ဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : FotMob

ဆိုးလ်ရှားက “ရော်နယ်လ်ဒိုက သူ့ကိုယ်သူ အလွန်ဂရုစိုက်လွန်းတာကြောင့် လျင်လျင်မြန်မြန်နဲ့ကို သူရဲ့ Fitness က ပြန်လည်ပြည့်ဝလာမယ်ဆိုတာကို ကျွန်တော်သိနေတယ်။ ကျွန်တော်တို့အနေနဲ့ အသင်းသားတွေ ပွဲချိန်ပြည့် လှုပ်ရှားပြေးလွှား ကစားနေကြဖို့နဲ့ သူကိုလည်း အဲ့ဒီအတိုင်း ကစားနေစေဖို့အတွက် ပွဲချိန်အပြည့် ကစားစေခဲ့ရတာပါ။ လာမယ့် အင်္ဂါနေ့မှာ ယန်းဘွိုင်းစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲ ရှိနေတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒီပွဲအတွက် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကိုလည်း ကြည့်ရဦးမယ်။ ဒါပေမယ့် သူ့ကို လူစားလဲပစ်ဖို့ မဖြစ်နိုင်ဘူးဆိုတာကတော့ မဟုတ်ပါဘူး။ သူက အခုဆို (၃၆)နှစ် ရှိနေပါပြီ။ ဂရင်းဝုဒ်ဆိုရင် (၁၉)နှစ်။ ကျွန်တော်အနေနဲ့ ဂရင်းဝုဒ်ရဲ့ အသင်းအတွက် ကစားပေးရမယ့် အချိန်ကို စီမံပေးရမှာ ဖြစ်သလို (၃၆)နှစ်အရွှယ် ကစားသမားရဲ့ ပွဲကစားချိန်ကိုလည်း စီမံရမှာပါပဲ။ ဒါက အတူတူပါပဲ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ရော်နယ်လ်ဒိုအနေနဲ့ နယူးကာဆဲလ်နဲ့ပွဲစဉ်အပြီး ယန်းဘွိုင်းစ်အသင်းနဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာသာ အသင်းအတွက် ဆက်လက်ပါဝင်ရမယ်ဆိုရင် ချန်ပီယံလိဂ် ပြိုင်ပွဲသမိုင်းတလျှောက်မှာ (၁၇၇)ပွဲနဲ့ ပွဲအများဆုံး ပါဝင်ထားတဲ့ စပိန်ဂိုးသမားဟောင်းကြီး ကာဆီးလက်စ်ရဲ့ စံချိန်မှတ်တမ်းကြီးနဲ့ တူညီသွားရတော့မှာပဲ ဖြစ်ပါတယ်။