တစ်ရာသီအငှားနဲ့ သွားရောက်ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ်ဖလားအပါအဝင် တစ်ရာသီအတွင်းမှာပဲ ဖလား(၃)လုံးအထိကို ပိုင်ဆိုင်ခဲ့ရတဲ့ ဘရာဇီးတိုက်စစ်ကစားသမား ဖီလစ်ပီကော်တင်ဟိုဟာ သူရဲ့အငှားစာချုပ်က ပြည့်မြောက်သွားခဲ့ပြီဖြစ်လို့ မူလအသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းဆီကို ပြန်သွားရတော့မှာဖြစ်ပေမယ့်လည်း သူရဲ့အနာဂတ်နဲ့ ပတ်သက်ပြီးတော့ကိုတော့ ဘာမှစဉ်းစားတွေးတောထားရခြင်း မရှိသေးဘူးလို့ ဖိုင်နယ်ပွဲစဉ်အပြီးမှာ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Daily Express

အသက်(၂၈)နှစ်အရွှယ်ရှိ ဘရာဇီးလက်ရွေးစင် တိုက်စစ်ကစားသမား ကော်တင်ဟိုဟာ ဘာစီလိုနာကနေ ဘိုင်ယန်အသင်းဆီမှာ တစ်ရာသီအငှားနဲ့ လာရောက်ကစားနေတာဖြစ်ပြီး ဘိုင်ယန်ဘက်ကနေ သူ့ကို အပြီးသတ်ခေါ်ယူသွားဖို့ ဆန္ဒမရှိတာကြောင့် ချန်ပီယံလိဂ်ပွဲအပြီးမှာ ဘာစီလိုနာအသင်းနဲ့ ပြန်လည်ပူးပေါင်းရတော့မှာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းကလည်း နည်းပြအပြောင်းအလဲ ဖြစ်ထားခဲ့ပြီး နည်းပြသစ် ရော်နယ်ကိုးမန်းက သူရဲ့အစီအစဉ်တွေထဲမှာ ကော်တင်ဟိုကို ထည့်သွင်းအသုံးပြုမလားဆိုတာ မသိရှိရသေးတဲ့အတွက် ကော်တင်ဟိုရဲ့အနာဂတ်က လာမယ့်ရက်ပိုင်းအထိ စောင့်ကြည့်သွားရဖွယ် ရှိလို့နေပါတယ်။

Photo Credit : Marca

အနာဂတ်နဲ့ပတ်သက်ပြီး ကော်တင်ဟိုက “ကျွန်တော် အခုလောလောဆယ်တော့ အဲ့ဒါတွေက မစဉ်းစားဖြစ်သေးဘူး။ ကျွန်တော်ရဲ့မူလအသင်းဆီကို ပြန်သွားရမယ်။ နောက်ပြီး ကောင်းမွန်တဲ့ ဘောလုံးရာသီတစ်ခု ဖြစ်လာအောင် ကြိုးစားအားထုတ်ရမယ်။ ဘာစီလိုနာမှာပဲ ကျွန်တော်ဆက်လက်ရှိနေမလားဆိုတာတော့ မသိသေးပါဘူး။ ကျွန်တော်ရဲ့စိတ်တွေအားလုံးကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာပဲ နစ်မြှပ်ထားတာ။ အခုလို အောင်မြင်မှုကြီးကလည်း ကျွန်တော်တို့အားလုံးအတွက် အံ့မခန်းပါပဲ။ အဲ့ဒီအတွက်လည်း ကျွန်တော်အရမ်းကို ပျော်ရွှင်နေပါတယ်။ အနာဂတ်နဲ့ ပတ်သက်ပြီးတော့ ဘာမှတော့ မတွေးထားရသေးဘူး။ ကျွန်တော်အခုတော့ ဖိုင်နယ်ပွဲအကြောင်းပဲ တွေးနေမိပါတယ်” လို့ အင်တာဗျူးအစီအစဉ်အတွင်းမှာ ပြောဆိုလာခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ နည်းပြအပြောင်းအလဲ မပြုလုပ်ခင်တုန်းက ကော်တင်ဟိုကို ဒီနွေစျေးကွက်အတွင်းမှာပဲ အသင်းကနေ ရောင်းထုတ်သွားဖို့ ပြင်ဆင်ခဲ့ပေမယ့်လည်း ကိုးမန်းကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီးနောက်မှာ ကော်တင်ဟိုအတွင် အခွင့်အရေးတွေ ရှိနေနိုင်ဦးမလားဆိုတာ သေချာမသိရှိရသေးပဲ ဆက်လက်စောင့်ကြည့်သွားရမယ့် အနေအထားမှာသာ ရှိလို့နေပါတယ်။