မနေ့ညက နူးကမ့်ကွင်းမှာ ကစားသွားခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ ဗလင်စီယာအသင်းတို့ရဲ့ စပိန်လာလီဂါ ပွဲစဉ်အတွင်းမှာ ဘာစီလိုနာအသင်းအတွက် ပွဲသိမ်းအနိုင်ဂိုးကို ဒုတိယပိုင်းပွဲချိန်မှ လူစားဝင်ရောက်လာရင်းနဲ့ သွင်းယူပေးသွားနိုင်ခဲ့တဲ့ အသင်းတိုက်စစ်ကစားသမား ဖီးလစ်ကော်တင်ဟိုရဲ့အပေါ်မှာ အမြဲတမ်း ယုံကြည်မှု ရှိခဲ့ကြောင်းနဲ့ အသင်းမှာလည်း ကော်တင်ဟို်အနေနဲ့ ဒီထက်မက ပိုအရေးပါတဲ့ နေရာတစ်ခုကို ဝင်ရောက်လာနိုင်တော့မယ်လို့ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက မှတ်ချက်ပြု ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

ရလဒ်တွေ ဆက်တိုက်ဆိုးရွှ့ားလို့နေတဲ့ ဘာစီလိုနာအသင်းဟာ မနေ့ညက ဗလင်စီယာအသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး ပြိုင်ဘက်အသင်းရဲ့ စောစောစီးစီး ဦးဆောင်မှုနဲ့ပါ ကြုံတွေ့လိုက်ရပေမယ့်လည်း ဖာတီ ဒီပိုင်းနဲ့ ကော်တင်ဟိုတို့က အသင်းအတွက် သွင်းဂိုးတွေ ပြန်လည်သွင်းယူပေးနိုင်ခဲ့တာကြောင့် နိုင်ပွဲပြန်လည် ရှာဖွေနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ ဒုတိယပိုင်း ဖာတီနေရာမှာ ဝင်ရောက်လာခဲ့ရတဲ့ ကော်တင်ဟိုကလည်း အသင်းအတွက် အနိုင်သေချာစေမယ့် ပွဲသိမ်းအနိုင်ဂိုးကို သွင်းယူပေးခဲ့သလို ဒီဂိုးဟာလည်း ပြီးခဲ့တဲ့ ၂၀၂ဝခုနှစ် နိုဝင်ဘာလနောက်ပိုင်းမှ ဘာစီလိုနာအသင်းအတွက် ပြန်လည်သွင်းယူပေးနိုင်ခဲ့တဲ့ သွင်းဂိုးတစ်ဂိုးလည်း ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Marca

ကော်တင်ဟိုရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး နည်းပြကိုးမန်းက “အရမ်းကို ကောင်းမွန်ခဲ့တယ်။ ဒီပွဲကို သူပါဝင်လာတဲ့အချိန်မှာ အရမ်းကို ကောင်းခဲ့တယ်။ သူရဲ့လွတ်လပ်လွန်းတဲ့ ကစားဟန်ကြောင့် ကျွန်တော်တို့အသင်းအနေနဲ့ ပွဲကို ပိုမိုထိန်းချုပ်လာနိုင်ခဲ့တယ်။ သူက အခုဆိုရင် အသင်းအတွက် အရေးပါလှတဲ့ အဆင့်တစ်ခုကိုတောင် ရောက်ရှိနေပါပြီ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က သူ့အပေါ်မှာ အမြဲတမ်း ယုံကြည်မှုထားလို့ပါပဲ။ အခုဆို သူက ရုပ်ပိုင်းဆိုင်ရာအရမှာလည်း ပိုကောင်းသထက် ကောင်းလာနေပါပြီ” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် ဗလင်စီယာပွဲစဉ်အတွင်းမှာ ပွဲပြီးခါနီး မိနစ်ပိုင်းလေးအလိုမှာ ပါဝင်လာခဲ့တဲ့ ကစားသမားသစ် ဆာဂျီယိုအဂွဲရိုးနဲ့ပတ်သက်ပြီးတော့ နည်းပြကိုးမန်းက အဂွဲရိုးရဲ့အခြေအနေက အန်ဆူဖာတီရဲ့ပုံစံမျိုးနဲ့ ဆင်တူနေတာဖြစ်ပြီး အခုလို မိနစ်ပိုင်းလေးသာ ပါဝင်ခွင့်ပေးခဲ့တာကလည်း ကစားသမားရဲ့ ကြံခိုင်မှုအပေါ်မှာသာ ဆုံးဖြတ်ခဲ့ရတာဖြစ်ကြောင်း ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။