မန်ချက်စတာ ယူနိုက်တက်အသင်း နည်းပြ ရူဘင် အမော်ရင်က လက်ရှိ ယူနိုက်တက် နည်းပြအဖြစ် ဆောင်ရွှက်နေစဉ်အတွင်း (၅)ပွဲမှာ နိုင်ပွဲ (၂)ပွဲတည်းသာ ရထားသေးပြီး အာဆင်နယ်နဲ့ နော်တင်ဟမ်တို့ကိုပါ (၂)ပွဲဆက်တိုက်ထိ ရှုံးနိမ်ထားခဲ့တဲ့အပေါ် သူရဲ့ အတွေ့အကြုံဟောင်းနဲ့ယှဉ်ပြီး ရှင်းလင်း ပြောဆိုလာပါတယ်။
ယူနိုက်တက်က အဲရစ် တန်ဟက်ဂ်နဲ့ လက်တွဲဖြုတ်ပြီးတဲ့နောက် စပို့တင်း လစ္စဘွန်းအသင်းရဲ့ အသက်(၃၉)နှစ်အရွယ် ပေါ်တူဂီလူမျိုး နည်းပြနဲ့ အစားထိုး ခန့်အပ်လိုက်ချိန် ပထမဆုံးပွဲမှာ အစ်ဝစ်ချ်ကို တစ်ဂိုးစီ သရေကျခဲ့သလို နောက်ဆုံး ကစားခဲ့တဲ့ (၂)ပွဲဆက်တိုက်မှာလည်း ရှုံးပွဲတွေ ကြုံတွေ့ထားရပါတယ်။
Photo Credit : Goal
အင်္ဂလန် ဘောလုံးနဲ့ အခုမှ နဖူးတွေ့ဒူးတွေ့ ကြုံတွေ့နေရတဲ့ နည်းပြအမော်ရင်ဟာ သူရဲ့ ယူနိုက်တက်နည်းပြ ပွဲဦးထွက်က ရလဒ်မကောင်းမွန်ပေမယ့်လည်း ပရိသတ်များအနေနဲ့ သူ့ကို စိတ်ရှည်ပေးကြဖို့နဲ့ အသင်းဟောင်း စပို့တင်းမှာဆိုရင် ဒီထက်တောင် တာထွက်ဆိုးခဲ့ပါသေးတယ်လို့ ပြောဆိုလာခဲ့ပါတယ်။
“ခက်ခဲမယ်ဆိုတာကို ကျွန်တော်တို့ သိထားပြီးသားပါ။ ဒါဟာ ခရီးရှည်ကြီး ဖြစ်ပေမယ့် ကြီးမားတဲ့ ကလပ်အသင်းကြီးဖြစ်လို့ ကျွန်တော်တို့ အနိုင်ရချင်ပါတယ်။ တစ်ပွဲလောက် ရှုံးတာနဲ့ လူတိုင်းအတွက် တကယ် ခက်ခဲတယ်လို့ ကျွန်တော် နားလည်ပါတယ်။ ပထမဂိုး အပြီးမှာပဲ ကွင်းအတွင်း အဲ့ဒါကို ခံစားမိရနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ အခြေအနေကို နားလည်ပေမယ့် တူညီတဲ့ ပုံစံအတိုင်း ဆက်လုပ်သွားရမှာပါ။”
Photo Credit : Metro
“အဲဗာတန်ကို (၄)ဂိုးပြတ်နဲ့ နိုင်ပွဲရဲ့ ပွဲစဉ်မှာ ကျွန်တော် ပြောခဲ့တဲ့ စကားအတိုင်းပါပဲ။ စွမ်းဆောင်ရည်ကိုပဲ ကျွန်တော်တို့ အာရုံစိုက်ရပါမယ်။ ပွဲတိုင်းရဲ့ ကဏ္ဍတော်တော်များများမှာ တိုးတက်ကောင်းမွန်ဖို့ လိုအပ်နေသေးပြီး မနက်ဖြန် လေ့ကျင့်ရေးကွင်းမှာလည်း တူညီတဲ့ အရာတွေကို ဆက်လက် လုပ်ဆောင်သွားရမှာပါ။ စပို့တင်းမှာတုန်းက အစပိုင်း ဒီထက် ပိုဆိုးခဲ့တယ်။ ကျွန်တော့်အတွက်ကတော့ ခံစားချက်က အတူတူပါပဲ။ ဒါပေမယ့် ရောက်နေရတဲ့ နေရာချင်းကတော့ လုံးဝ ကွဲပြားခြားနားပါတယ်။”
“ပေါ်တူဂီမှာ စပို့တင်းကို သိကြပေမယ့် မန်ချက်စတာ ယူနိုက်တက်ကျတော့ အာရုံစိုက်မှုတွေ အများကြီး ခံနေရတာ။ ကျွန်တော့်အတွက်ကတော့ ခံစားချက်က ထူးမခြားနားပါ။ ဒီလို အခြေအနေမျိုးက စပို့တင်းမှာတုန်းကလည်း ကြုံခဲ့ဖူးပါတယ်။ ခင်ဗျားက ဘောလုံးနဲ့ ပတ်သက်ပြီး အတွေ့အကြုံနည်းနည်း ရှိတယ်ဆိုရင်တောင် ဒါက ကလပ်အသင်း တော်တော်များများမှာ ဖြစ်တက်တာကို သိမှာပါ။ တူညီတဲ့ အရာတွေ ဆက်လုပ်ပြီး အသင်း တိုးတက်လာအောင် လုပ်ဆောင်ရပါမယ်။ ဒါကမှ အသင်းကို အလှည့်အပြောင်း ဖြစ်စေမှာပါ။ နေ့စဉ်တိုင်း ဆက်လုပ်နိုင်ဖို့ အချိန်လည်း လိုအပ်ပါတယ်။” လို့ အမော်ရင်က ရှင်းလင်း ပြောဆိုလိုက်ပါတယ်။