မနေ့က သောကြာနေ့ညမှာ ပရီးမီးယားလိဂ်ပွဲစဉ်(၃၀)ရဲ့ ပွဲကြီးပွဲကောင်းအဖြစ် စပါးအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ရင်ဆိုင်ကစားခဲ့ပြီး ပထမပိုင်းက နယ်သာလန်တောင်ပံကစားသမား ဘာ့ဂျ်ဝင်းရဲ့သွင်းဂိုးနဲ့ အိမ်ရှင်စပါးအသင်းကနေ ပွဲကိုဦးဆောင်ခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာ ယူနိုက်တက်ဘက်က ပေါ့ဘာ ဂရင်းဝုဒ် မာတစ် အီဂါလိုတို့ ပါဝင်ကစားလာရင်း ပေါ့ဘာကြောင့် ပင်နယ်တီရရှိခဲ့ကာ ဖာနန်ဒက်စ်က ပင်နယ်တီကို သွင်းယူခဲ့ရင်း တစ်ဖက်ကို (၁)ဂိုးစီ သရေကျသွားခဲ့ရပါတယ်။

Photo Credit : Goal

ဒီပွဲစဉ်မှာ အိမ်ရှင်စပါးအသင်းဘက်ကနေ ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့တဲ့ ဟယ်ရီကိန်းနဲ့ ဆွန်ဟောင်မင်တို့လို အသင်းရဲ့ အဓိကတိုက်စစ်ကစားသမားတွေ ပြန်လည်ပါဝင်လာခဲ့ပေမယ့် ကွင်းလယ်လူအလီက ပွဲပယ်ခံထားရသလို တိုက်စစ်ကစားသမား လူးကပ်စ်မော်ရာမှာလည်း လေ့ကျင့်ရေးကွင်းမှာ ရရှိခဲ့တဲ့ ဒဏ်ရာပြသာနာကြောင့် ဒီပွဲစဉ်ကို လွဲချော်ခဲ့ရပါတယ်။ ဒါကြောင့်ပဲ စပါးနည်းပြ ဟိုဆေးမော်ရင်ဟိုကနေ သူ့အသင်းရဲ့ အရန်အင်အား နည်းပါးမှုကို ညည်းတွားခဲ့တာဖြစ်ပါတယ်။ မော်ရင်ဟိုက “ကျွန်တော့်အတွက် ပျော်စရာတွေလည်းရှိခဲ့သလို စိတ်ညစ်စရာတွေလည်း ရှိခဲ့ရပါတယ်။ ဘာတွေကို သဘောကျခဲ့ရသလဲဆိုတော့”

Photo Credit : Goal

“အသင်းသားတွေရဲ့ စိတ်နေသဘောထား၊ စုစည်းမှုကောင်းမှု၊ ထိန်းချုပ်ကစားနိုင်မှု၊ ကျစ်ကျစ်လစ်လစ် ကစားနိုင်မှုတွေပါ။ ယူနိုက်တက်ဘက်ကနေ အလိုရှိတာတွေကို ဘာမှမရနိုင်အောင် ကျွန်တော်တို့ ကစားနိုင်ခဲ့ပါတယ်။ မပျော်ရွှင်ရတဲ့ အကြောင်းကတတော့ အသင်းက အရန်အင်အားမလုံလောက်တာပါပဲ။ ယူနိုက်တက်ဘက်ကနေ အရမ်းကို လွှမ်းမိုးနေတဲ့အချိန် သူတို့ရဲ့တိုက်စစ်ပိုင်းကို ထိန်းချုပ်ဖို့နဲ့ ဖိအာမးပေးနိုင်အောင် ကျွန်တော်တို့ ကြိုးစားခဲ့ရပါတယ်။ ကစားသမားတွေကတော့ သူတို့မှာရှိတဲ့ အင်အားတွေကို အပြည့်အဝချပြနိုင်ခဲ့ပြီး လိုရစ်ဆိုရင် ယူနိုက်တက်ရဲ့ အပိုင်ကန်ချက်(၂)ကြိမ်လောက်ကို ကာကွယ်သွားနိုင်ခဲ့ပါသေးတယ်။ မိနစ်(၇၀)လောက်အထိ ကျွန်တော်တို့အသင်းက အင်ပြည့်အားပြည့်နဲ့ ကစားသွားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲပြီးဖို့ (၁၅)မိနစ်လောက်ပဲ လိုအပ်တော့တဲ့အချိန်မှာ ကွင်းအတွင်း အလီ မော်ရာတို့လို ကစားသမားမျိုးကို ထည့်သွင်းခဲ့ချင်တာပါ။ သူတို့သာ ရှိနေမယ်ဆိုရင်တော့ ကျွန်တော်တို့အသင်းရဲ့ တိုက်စစ်ပိုင်း ရွေးချယ်မှုက ခြားနားသွားနိုင်ပါလိမ့်မယ်” လို့ စိတ်ပျက်စွာနဲ့ ပြောဆိုသွားခဲ့ပါတယ်။ မော်ရင်ဟိုဟာ ဒီပွဲအတွင်းမှာ လူစားလဲလှယ်မှုအဖြစ် ဂတ်ဆန်ဖာနန်ဒက်ဇ်နဲ့ လိုဆယ်ဆိုတို့နှစ်ယောက်တည်းကိုပဲ လဲလှယ်ခဲ့ပြီး ယူနိုက်တက်ဘက်က ပေါ့ဘာ ဂရင်းဝုဒ် အီဂါလို မာတစ် ဘိုင်လီတို့ကို လူစားလဲလှယ်ခဲ့ပါတယ်။