ဒီနှစ်ဘောလုံးရာသီရဲ့ နွေစျေးကွက်အတွင်းမှာ ဘာစီလိုနာအသင်းကနေ လာလီဂါပြိုင်ဘက် အသက်လက်တီကိုမက်ဒရစ်အသင်းဆီ ပို့ဆောင်ခံလိုက်ရတဲ့ ဝါရင့်တိုက်စစ်ကစားသမားကြီး လူးဝစ်ဆွာရက်ဇ်က သူ့ကို ဘာစီလိုနာဘက်ကနေ အခုလို ထုတ်ပယ်လိုက်ခြင်းအပေါ်မှာ နာကျင်စွာခံစားခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့သလို သူနဲ့ အရင်းနှီးဆုံး ဘာစီလိုနာအသင်းဖော် လီယွန်နယ်မက်ဆီရဲ့ခံစားချက်အတိုင်း ထပ်တူခံစားခဲ့ရတယ်လို့လည်း ဝန်ခံပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၃၃)နှစ်အရွှယ် ဥရုဂွေးတိုက်စစ်ကစားသမားကြီး ဆွာရက်ဇ်ဟာာ ဘာစီလိုနာအသင်းမှာ (၆)နှစ်တာလောက်အထိ ပါဝင်ကစားခဲ့တာဖြစ်ပြီး အသင်းရဲ့သမိုင်းတလျှောက် သွင်းဂိုးအများဆုံး ကစားသမားတွေရဲ့စာရင်းမှာပါ ပါဝင်ခဲ့သူဖြစ်ပါတယ်။ ဒီလိုအနေအထားရှိခဲ့ပေမယ့် အသင်းကို နည်းပြသစ် ရော်နယ်ကိုးမန်း ရောက်လာခဲ့ပြီးတဲ့နောက်မှာ ဆွာရက်ဇ်ရဲ့အနာဂတ်က တအားလှုပ်ခတ်လာခဲ့ကာ နောက်ဆုံးမှာတော့ အသက်လက်တီကိုအသင်းဆီကိုပဲ ပြောင်းရွှေ့သွားခဲ့ရပါတယ်။ ဆွာရက်ဇ်ကို အသင်းကနေ အခုလို ထုတ်ပယ်ခဲ့တဲ့အပေါ် မက်ဆီကိုယ်တိုင်ကပါ ဒေါသထွက်ခဲ့ရပြီး ဆွာရက်ဇ်က ဒီလိုပုံစံနဲ့ အသင်းက မထုတ်ပယ်သင့်ဘူးလို့ အင်စတာဂရမ်ပေါ်ကနေ ဝေဖန်သွားခဲ့ပါတယ်။

Photo Credit : Goal

ဆွာရက်ဇ်ကလည်း “ကျွန်တော်ကတော့ မက်ဆီရဲ့အကြောင်းတွေနဲ့ပတ်သက်ပြီး ဘာကြောင့်လဲဆိုတော့ ကျွန်တော်နဲ့သူက အရမ်းကိုခင်မင်ပြီး တစ်ယောက်အကြောင်းတစ်ယောက် အကုန်သိထားသူတွေလေ။ သူရဲ့ခံစားချက်ကို ကျွန်တော်နားလည်တယ်။ ကျွန်တော်ဆိုလည်း ဒီအတိုင်းပဲ ခံစားခဲ့ရတယ်။ သူလည်း ကျွန်တော့်ကို ဘာစီလိုနာအသင်းဘက်ကနေ ထုတ်ပယ်လိုက်တဲ့အပေါ် ခံစားနေရတယ်။ အသင်းကနေ ကျွန်တော်နဲ့ လမ်းခွဲမယ်ဆိုရင်လည်း တခြားနည်းလမ်းတွေနဲ့ မှန်မှန်ကန်ကန် ဖြေရှင်းလို့ရပါတယ်။ ဒီကိစ္စကြောင့် ကျွန်တော်တို့နှစ်ယောက် ဘယ်လောက်ထိ ထိခိုက်ခံစားနေရမလဲဆိုတာကိုလည်း သူသိပါတယ်။ ကျွန်တော့်မိသားစုကတော့ ကျွန်တော်ပျော်ရွှင်တာကို မြင်ချင်နေကြတယ်။ ဘာစီလိုနာမှာက ဘယ်လိုဖြစ်နေသလဲဆိုတော့ အသင်းရဲ့ပွဲတွေမှာ ပါဝင်ကစားဖို့အတွက် မသတ်မှတ်ခံရတော့ဘူးဆိုရင် သင့်ကို အသင်းကနေ ထွက်ခွာဖို့အတွက် ရထားတစ်စင်းပေါ်တင်ပေးလိုက်သလို ဖြစ်နေပါတယ်။ ဒီလိုပုံစံတွေက ကျွန်တော့်အတွက်တော့ အရမ်းကို ဆိုးရွှားလွန်းတယ်။ ကျွန်တော့်မိသားစုကလည်း ကျွန်တော်စိတ်ထိခိုက်နေတာကို သိနေတဲ့အတွက် အခွင့်အရေးတစ်ခုရလာတဲ့အခါမှာ အမိအရဆုပ်ကိုင်နိုင်အောင် အားပေးကြတယ်။ အသက်လက်တီကိုဘက်ကနေ ကျွန်တော့်ကို ကမ်းလှမ်းလာချိန်မှာတော့ ကျွန်တော်ဘာမှကို တွေဝေမနေတော့ဘူး။ အခုတော့ အသက်လက်တီကိုမှာ ကျွန်တော်ပျော်ရွှင်နေပါပြီ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။