မနေ့ညက ကျင်းပသွားခဲ့တဲ့ ဒိုင်နမိုဇာဂရက်အသင်းနဲ့ စပါးအသင်းတို့ရဲ့ ယူရိုပါလိဂ် (၁၆)သင်းအဆင့် ရှုံးထွက်ဒုတိယအကျော့ပွဲစဉ်မှာ အိမ်ရှင်ဇာဂရက်အသင်းက မိနစ်(၉၀)အတွင်းမှာ သွင်းဂိုး(၂)ဂိုး ရယူနိုင်ခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် (၂)ဂိုးစီ သရေကျခဲ့တဲ့အတွက် အချိန်ပိုဆက်လက်ကစားစေရာ ဇာဂရက်အသင်းကပဲ နောက်ထပ်သွင်းဂိုး ထပ်မံသွင်းယူနိုင်ခဲ့လို့ နှစ်ကျော့ပေါင်းရလဒ် (၃)ဂိုး(၂)ဂိုးနဲ့ နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်ခဲ့ပြီး မော်ရင်ဟိုရဲ့ စပါးအသင်းကတော့ (၁၆)သင်းအဆင့်ကနေပဲ လှည့်ပြန်သွားခဲ့ရပါတယ်။

Photo Credit : Twitter

စပါးအသင်းဟာ ပထမအကျော့တုန်းက ဇာဂရက်အသင်းကို (၂)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာဖြစ်လို့ ကွာတားဖိုင်နယ်ကို တတ်လှမ်းဖို့ အခြေအနေကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့ပေမယ့်လည်း ဇာဂရက်အသင်းရဲ့ အကောင်းဆုံးယှဉ်ပြိုင်မှုကြောင့် မထင်ထားတဲ့ ရလဒ်နဲ့ ရှုံးပွဲတွေ့ခဲ့ရပြီး (၁၆)သင်းအဆင့်နဲ့သာ ကျေနပ်လိုက်ရတာဖြစ်ပါတယ်။ ဒီရှုံးပွဲနဲ့ပတ်သက်ပြီး မော်ရင်ဟိုက “ကျွန်တော်တို့အနေနဲ့ ကွဲပြားခြားနားတဲ့ ရလဒ်နဲ့ နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်မယ့် အချိန်ပိုရဲ့ နောက်ဆုံးမိနစ်တွေကို မေ့ထားခဲ့မယ်ဆိုရင် မိနစ်(၉၀)အတွင်းနဲ့ အချိန်ပိုပထမပိုင်းတွေမှာပဲ နောက်တစ်ဆင့်တတ်ရေးအတွက် အစွမ်းကုန် ကြိုးစားမယ့်အသင်း ဖြစ်သွားမှာပါ”

Photo Credit : Twitter

“သူတို့တွေက ချွေးတွေ သွေးတွေ စွမ်းအင်တွေအားလုံးနဲ့ ကြိုးစားခဲ့ပြီး ပွဲအပြီးမှာဆိုရင်လည်း ပျော်လွန်းလို့ မျက်ရည်ကျရတဲ့ သူတွေကိုပါ တွေ့ရသေးတယ်။ သူတို့တွေကို ကျွန်တော်ချီးကျူးရလိမ့်မယ်။ တစ်ဖက်မှာကတော့ ကျွန်တော်အသင်းက ဒီပွဲကို အရေးမကြီးတဲ့ ပွဲတစ်ပွဲလို့ သဘောထား ကစားသွားခဲ့တယ်။ ကျွန်တော်ရဲ့ နည်းပြအလုပ်ကို ကိုယ်တိုင်လေးစားမှုထားပြီး ပွဲတိုင်းကို အရေးပါတဲ့ပွဲအဖြစ်သာ သတ်မှတ်ထားတယ်။ နေအိမ်တွေကနေ အားပေးနေရတဲ့ စပါးပရိသတ်တိုင်းအတွက် ပွဲတိုင်းက အရေးပါပါတယ်။ ကစားသမားတွေအတွက် နောက်ထပ် စိတ်နေသဘောထားတွေ လိုအပ်နေပါပြီ။ ဒီရှုံးပွဲအတွက် စိတ်မကောင်းပါဘူးလို့ ပြောရုံနဲ့တင် မလုံလောက်ပါဘူး။ ကျွန်တော်လည်း ဝမ်းနည်းတာထက် အများကြီးပိုပြီး ခံစားရတယ်။ ဘောလုံးကစားတယ်ဆိုတာ ကစားသမားတွေအနေနဲ့ သူတို့ကိုယ်သူတို့ တခြားကစားသမားတွေထက် အရည်အသွေး ပိုရှိနေတယ်လို့ တွေးထင်နေခြင်းအပေါ်မှာ မူတည်နေတာ မဟုတ်ပါဘူး။ ဘောလုံးရဲ့အခြေခံက စိတ်နေသဘောထားပါ။ ဒီနေ့မှာ သူတို့တွေက ကျွန်တော်တို့အသင်းကို အဲ့ဒီအချက်နဲ့ အနိုင်ယူခဲ့တာပါ” လို့ စိတ်ပျက်စွာနဲ့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။