သိပ်မကြာသေးခင် ရက်ပိုင်းကပဲ ဒေါ့မွန်ကနေ မန်ချက်စတာယူနိုက်တက်အသင်းဆီကို ပြောင်းရွေ့ရောက်ရှိလာခဲ့တဲ့ တောင်ပံကစားသမား ဂျေဒန်ဆန်ချိုက လက်ရှိအချိန်မှာ သူရဲ့အပြောင်းအရွှေ့တွေနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုနေမှာမဟုတ်ပဲ ယူရို-၂၀၂ဝပြိုင်ပွဲမှာ အောင်မြင်မှုတွေ ရယူဖို့ တဖြည်းဖြည်း နီးစပ်လာခဲ့တဲ့ အင်္ဂလန်အသင်းအတွက်ကိုသာ အာရုံစိုက်သွားမှာဖြစ်တယ်လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : SportVectru

အသက်(၂၁)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တောင်ပံကစားသမား ဆန်ချိုဟာ သူပြောင်းရွေ့လိုနေတဲ့ ယူနိုက်တက်အသင်းဆီကို ပြီးခဲ့တဲ့ရက်ပိုင်းလေးအတွင်းမှာပဲ ပြောင်းရွေ့နိုင်ခဲ့တဲ့အပြင် ယူကရိန်းအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ယူရို-၂၀၂၀ ကွာတားဖိုင်နယ်ပွဲစဉ်မှာပါ အင်္ဂလန်အသင်းအတွက် ပွဲထွက်ကစားခွင့် ရခဲ့ပြီး ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သလို အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူ ယူရိုပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ထိကို တတ်လှမ်းသွားခဲ့ရပါတယ်။ ဒီအချိန်မှာ မီဒီယာတွေကနေ ဆန်ချိုကို သူရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး မေးခွန်းတွေ မေးမြန်းလာခဲ့ပေမယ့် ဆန်ချိုကတော့ အင်္ဂလန်အတွက်ကိုသာ အာရုံစိုက်နေမယ်လို့ ရှင်းလင်းဖြေဆိုသွားခဲ့ပါတယ်။

Photo Credit : The Guardian

ဆန်ချိုက “မျှမျှတတ ဖြစ်နေစေဖို့ ဒီအချိန်မှာတော့ ကျွန်တော် မန်ချက်စတာယူနိုက်တက်အသင်းအကြောင်းကို မပြောချင်သေးပါဘူး။ ဒီအချိန်မှာ ကျွန်တော် အင်္ဂလန်အသင်းအတွက်ကိုပဲ အာရုံစိုက်နေချင်ပါတယ်။ အခုတော့ ကျွန်တော် အရမ်းကို ဝမ်းမြောက်ဝမ်းသာနေရပါတယ်။ ဒီနေ့ပွဲစဉ်က မဖြစ်မနေကို အနိုင်ကစားရမယ့်ပွဲ ဖြစ်နေသလို ဒီလိုပွဲစဉ်မျိုးကို ဝင်ရောက်ကစားဖို့ အခွင့်အရေးရတာကိုလည်း အရမ်းပျော်ရွှင်မိတယ်။ ဒါက ကျွန်တော့်အတွက်တော့ အထူးဝမ်းသာရတဲ့ အခိုက်အတန့်ပါပဲ။ ကျွန်တော်ကတော့ ကစားခွင့်မရတဲ့ အချိန်တိုင်းမှာ ပြန်လည်ကစားခွင့်ရဖို့အတွက် လေ့ကျင့်ရေးကွင်းမှာ အစွမ်းကုန် ကြိုးပမ်းပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပါဝင်ကစားနေရတဲ့အချိန် ကျွန်တော် အင်္ဂလန်အသင်းအတွက်ကိုပဲ အာရုံစိုက်နေတယ်။ ကစားခွင့်ရတဲ့ အချိန်တိုင်းမှာလည်း အမြဲတမ်း အဆင့်သင့်ဖြစ်နေအောင် သေချာကြိုးစားထားပါတယ်။ ဒီနေ့ပွဲက ကျွန်တော်တို့တွေအတွက် အလွန်အရေးကြီးတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်မယ်ဆိုတာကို သိထားပါတယ်။ ယူကရိန်းကလည်း တကယ့်ကို ကောင်းမွန်တဲ့ အသင်းပါ။ အခုရလဒ်ကြောင့် အရမ်းပျော်မိပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဆန်ချိုဟာ အင်္ဂလန်အသင်းနဲ့ ယူရို-၂၀၂ဝပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲလို့အပြီးမှာပဲ သူရဲ့အပြောင်းအရွှေ့ကို အပြီးသတ်လုပ်ဆောင်ဖွယ် ရှိနေပါတယ်။