လီဗာပူးလ်အသင်းရဲ့ဘယ်နောက်ခံကစားသမား အန်ဒီရောဘတ်ဆန်က လက်ရှိမှာ အနာဂတ်လှုပ်ခတ်လျက်ရှိနေတဲ့ ဘာစီလိုနာအသင်းရဲ့တိုက်စစ်ကစားသမားလီယွန်နယ်မက်ဆီကို စပိန်မြေမှာသာ ဆက်လက်ရှိနေစေချင်ပြီး သူတို့ရဲ့ပရီးမီးယားလိဂ်ပြိုင်ပွဲက ကလပ်အသင်းတစ်သင်းသင်းဆီကို မရောက်ရှိလာစေချင်ကြောင်း မက်ဆီရဲ့ပရီးမီးယားလိဂ်အပြောင်းအရွှေ့ကို ဖြစ်မလာစေချင်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

ရောဘတ်ဆန်က “ကျွန်တော့်တစ်ယောက်တည်းရဲ့အမြင်အရ ပြောရမယ်ဆိုရင်တော့ ဒီအပြောင်းအရွှေ့ကို ဖြစ်မလာစေချင်ဘူး။ သူ့ကို ဘာစီလိုနာမှာပဲ ဆက်လက်ရှိနေနိုင်ဖို့ပဲ မျှော်လင့်ပါတယ်။ သူ့လို ကစားသမားမျိုးက ခင်ဗျားရဲ့အနီးဆုံးပြိုင်ဘက်အသင်းကို ရောက်ရှိလာမယ်ဆိုရင် ဒါက ခင်ဗျားအတွက် ကောင်းမွန်တဲ့ လက္ခဏာမဟုတ်တော့ဘူး။ သူက တကယ့်ကို ထိပ်တန်းကစားသမားပါ။ သူသာ ပရီးမီးယားလိဂ်ကို ရောက်ရှိလာမယ်ဆိုရင် သူဘာစီလိုနာအသင်းမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေအတိုင်း တစ်ပုံစံတည်း ဆက်လက်ပြသနေဦးမယ်ဆိုတာ သံသယဖြစ်စရာတောင် မလိုပါဘူး”

Photo Credit : AS English

“လီဗာပူးလ်အသင်းအနေနဲ့ကတော့ သူ့ကိုခေါ်ယူဖို့ကတော့ မလွယ်ကူဘူး။ ဒီတော့ ကျွန်တော်တစ်ယောက်တည်းအတွက်ဆိုရင် သူ့ကို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ မလာစေချင်ပါဘူး။ အဲ့ဒီမှာပဲ ဆက်ပြီးရှိနေစေချင်တယ်။ ဘာစီလိုနာအသင်းမှာ သူရဲ့အခြေအေနေက မတည်ငြိမ်တော့ဘူးဆိုတာကို ခင်ဗျားတို့ မြင်နိုင်ပါတယ်။ ဒါကို သူတို့တွေ အကောင်းဆုံးဖြေရှင်းနိုင်ပါစေလို့ပဲ မျှော်လင့်တယ်။ သူသာ ပရီးမီးယားလိဂ်ကို ရောက်လာမယ်ဆိုရင် တကယ့်ထိပ်တန်းကစားသမားတစ်ယောက်နဲ့ ယှဉ်ပြိုင်ကစားရမှာဆိုပေမယ့် ကျွန်တော်သူနဲ့ (၂)ကြိမ်တိုင်တောင် ကစားခဲ့ပြီးပါပြီ။ ကျွန်တော်ယှဉ်ကစားခဲ့တဲ့ ကစားသမားတွေအားလုံးထဲမှာ သူက ကစားရအခက်ဆုံးပါပဲ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ အသက်(၃၃)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား မက်ဆီဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာချင်နေပေမယ့် အသင်းဘက်ကနေ ချုပ်ဆိုထားတဲ့ စာချုပ်လျော်ကြေးပမာဏ မြင့်မားလွန်းနေတာကြောင့် စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ၂၀၂၁ခုနှစ်အထိ ဘာစီလိုနာအသင်းမှာ ဆက်လက်ရှိနေရဖွယ်ရှိပါတယ်။ မနေ့ကတော့ မက်ဆီရဲ့ဖခင် ဟိုဂေမက်ဆီနဲ့ ဘာစီလိုနာဥက္ကဌ ဘာတိုမူတို့ မက်ဆီရဲ့အနာဂတ်နဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့ရာ အဆုံးသတ်မှာတော့ မက်ဆီအနေနဲ့ ဘာစီလိုနာမှာပဲ ဆက်လက်ရှိနေနိုင်တယ်လို့ မက်ဆီရဲ့ဖခင်ဖြစ်သူက ထုတ်ဖော်ပြောဆိုလာခဲ့တာကြောင့် ရောဘတ်ဆန်ရဲ့ဆန္ဒလည်း ပြည့်ဝဖွယ်ရှိနေပါတယ်။