MySport Myanmar

အခု ဈေးကွက်ထဲမှာ ဒီပိုင်းနဲ့ လက်တွဲမဖြုတ်သွားချင်ဘူးလို့ ဇာဗီ ပြောဆို

ဘာစီလိုနာနည်းပြ ဇာဗီဟာနန်ဒက်ဇ်က လက်ရှိအချိန်မှာ အနာဂတ် အလှုပ်ခတ်ဆုံး ဖြစ်နေရသူ နယ်သာလန် တိုက်စစ်ကစားသမား မန်ဖစ်ဒီပိုင်းကို အခု ဆောင်းဈေးကွက်အတွင်းမှာ အသင်းကနေ မထွက်ခွာသွားစေချင်ဘူးလို့ ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Football Espana

နယ်သာလန် လက်ရွေးစင် တိုက်စစ်ကစားသမား ဒီပိုင်းဟာ ဒီနှစ်နွေရာသီမှာပဲ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာဖြစ်ပြီး ဘာစီလိုနာဘက်ကလည်း ဒီပိုင်းကို သက်တမ်းတိုးဖွယ် မရှိတာကြောင့် စာချုပ်သက်တမ်း လပိုင်းလောက်သာ ကျန်ရှိတော့တဲ့ ဒီပိုင်းအနာဂတ်က တော်တော်လေး လှုပ်ခတ်လာခဲ့ရပါတယ်။ လိုင်ယွန်ကစားသမားဟောင်း ဒီပိုင်းကို နယူးကာဆယ်အသင်းက ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေတယ်ဆိုပြီး သတင်းထွက်လာခဲ့သလို ဒီပိုင်းရဲ့ အသင်းဟောင်း မန်ချက်စတာယူနိုက်တက်ကလည်း ဒီပိုင်းကို အငှားနဲ့ ခေါ်ယူချင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Daily Express

ဒီပိုင်းရဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး ဘာစီလိုနာနည်းပြ ဇာဗီက “ဇန်နဝါရီလထဲမှ မန်ဖစ် ဒါမှမဟုတ် တခြား ဘယ်ကစားသမားကိုမှ အသင်းကနေ မထွက်ခွာသွားစေချင်ပါဘူး။ အခု ဈေးကွက်က ကျွန်တော်တို့အတွက်တော့ တိတ်တဆိတ်လေးနဲ့ ပြီးဆုံးသွားမယ့် ဈေးကွက် ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်” လို့ ပြောဆိုလိုက်ပါတယ်။ ၂၀၂၁ခုနှစ်ကမှ လိုင်ယွန်ကနေ ဘာစီလိုနာအသင်းဆီကို free transfer နဲ့ ပြောင်းရွှေ့လာခဲ့ပြီး (၂)နှစ်စာချုပ် ချုပ်ဆိုဖြစ်ခဲ့တဲ့ ဒီပိုင်းဟာ ဘာစီလိုနာမှာ နယ်သာလန်လူမျိုး ဘောလုံးနည်းပြ ရော်နယ်ကိုးမန်း ကိုင်တွယ်နေချိန်တုန်းက ပွဲကစားခွင့်တွေ များစွာ ရရှိခဲ့ပေမယ့်လည်း နည်းပြ အပြောင်းအလဲဖြစ်ပြီး ကိုးမန်းနေရာ ဇာဗီ ဝင်ရောက်လာချိန်မှာတော့ သူရဲ့ ပွဲကစားခွင့်တွေက အကန့်အသတ်နဲ့ ဖြစ်လာခဲ့ရတဲ့အပြင် ဒီရာသီမှာလည်း ဘာစီလိုနာအတွက် စုစုပေါင်း (၃)ပွဲသာ ကစားထားရပါတယ်။ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲကြီးအပြီး ဘာစီလိုနာအသင်းနဲ့ ပြန်လည် ပူးပေါင်းနေပြီဖြစ်တဲ့ ဒီပိုင်းဟာ ဘာစီလိုနာနဲ့ အက်စပန်ညိုအသင်းတို့ ယှဉ်ပြိုင်ခဲ့တဲ့ ကတ်တလန်ဒါဘီမှာ ဘာစီလိုနာအသင်းရဲ့ အရန်လူစာရင်းထဲ ပါဝင်ခဲ့ရပေမယ့် လူစားဝင် ကစားသမားအဖြစ် ကစားရခြင်းမရှိပဲ ပွဲချိန်ပြည့် အရန်ခုံပေါ်မှာသာ ရှိခဲ့ရပါတယ်။

Exit mobile version