MySport Myanmar

စာချုပ်ကိစ္စကို စဉ်းစားရမယ့် အချိန် မဟုတ်သေးဘူးလို့ ဒါလော့ ဖွင့်ဟ ပြောဆို

လက်ရှိ မန်ချက်စတာယူနိုက်တက်အသင်းမှာ ခြေစွမ်းပိုင်း တိုးတတ်ကောင်းမွန်လာတဲ့ ကစားသမားဖြစ်သူ ဒီယိုဂိုဒါလော့က အခုအချိန်ဟာ သူရဲ့စာချုပ်ကိစ္စအကြောင်းကို စဉ်းစား တွေးတောနေရမယ့် အချိန်မဟုတ်သေးပဲ အသင်းရဲ့ တိုးတတ်မှုတွေကိုသာ အာရုံစိုက်ထားရမယ့်အချိန် ဖြစ်တယ်လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Twitter

နည်းပြသစ် အဲရစ်တန်ဟက်ဂ်လက်ထက် ယူနိုက်တက်ရဲ့ ညာခြမ်းခံစစ်နေရာမှာ ပွဲတိုင်းနီးပါးအထိ ပါဝင်ကစားခွင့်တွေ ရရှိလို့နေတဲ့ ပေါ်တူဂီ right –back ကစားသမား ဒါလော့ဟာ တန်ဟက်ဂ်ရဲ့ ချန်လှပ်ထားလို့မရတဲ့ ကစားသမား ဖြစ်နေတဲ့အထိ အရေးပါနေခဲ့ရသလို သူနဲ့ ယူနိုက်တက်အသင်းတို့ကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာလည်း လာမယ့် ၂၀၂၃ခုနှစ် ဇူလိုင်လမှာပဲ ကုန်ဆုံးရတော့မှာဖြစ်လို့ သက်တမ်းထပ်တိုးဖို့ မဖြစ်မနေ လိုအပ်နေခဲ့ပါတယ်။ ဒါလော့နဲ့ ယူနိုက်တက်တို့ရဲ့ စာချုပ်အခြေအနေကိုလည်း ဘာစီလိုနာ အပါအဝင် ဥရောပ ကလပ်အသင်းများစွာက စိတ်ဝင်တစားနဲ့ စောင့်ကြည့်လျက် ရှိနေပါတယ်။

Photo Credit : Sports Illustrated

ဒီနှစ်ရာသီ ယူနိုက်တက်အသင်းမှာ ပုံမှန်ကစားခွင့်တွေ တောက်လျှောက်ဆိုသလို ရရှိထားတဲ့ ဒါလော့က သူရဲ့ စာချုပ်ကိစ္စနဲ့ ပတ်သတ်ပြီး “အခုအချိန်က ကျွန်တော်ရဲ့ စာချုပ်အခြေအနေနဲ့ ပတ်သတ်ပြီး စဉ်းစားရမယ့် အချိန်မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ အခု ကျွန်တော်တို့က အသင်းလိုက် ကစားပုံစံကို တိုးတတ်အောင် လုပ်ဆောင်နေပါတယ်။ မန်ယူနိုက်တက်အသင်းအတွက် ကစားရတာကို နှစ်သက်ပါတယ်။ အမြဲတမ်း ခြေစွမ်းပြနိုင်ဖို့လည်း ကြိုးစားနေပါတယ်။ ကျွန်တော် အခု ပျော်ရွှင်နေပါတယ်။ အဲ့ဒါက ကျွန်တော့်အတွက်တော့ အရေးအကြီးဆုံးပါပဲ” လို့ ပြောဆိုသွားခဲ့ပါတယ်။ ၂၀၁၈ခုနှစ်ကတည်းက ပေါ်တိုကနေ ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့တဲ့ ဒါလော့ဟာ အသင်းကို စရောက်လာတဲ့နှစ်မှာ ပြိုင်ပွဲစုံ (၂၅)ပွဲ ကစားခဲ့ရပေမယ့် နောက်ရာသီမှာ ဝမ်ဘစ်ဆာခါ ရောက်ရှိလာလို့ နေရာပျောက်ခဲ့ရပြီး ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ အေစီမီလန်အသင်းဆီ တစ်ရာသီအငှားနဲ့ပါ ပြောင်းရွှေ့့ခဲ့ရပါတယ်။ မီလန်မှာ ကစားပြီးတဲ့နောက် ခြေစွမ်းပိုင်းတွေ တိုးတတ်လာခဲ့တဲ့ ဒါလော့ဟာ ဒီရာသီမှာတော့ ဘစ်ဆာခါကို ကျော်လွန်ပြီး ယူနိုက်တက်အသင်းရဲ့ ပွဲအားလုံးကို ပါဝင်ကစားထားခဲ့ရသလို သွင်းဂိုး(၁)ဂိုးနဲ့ ဂိုးဖန်တီးမှု (၂)ကြိမ် ပြုလုပ်ထားခဲ့ပါတယ်။

Exit mobile version