မနေ့ကပဲ ချယ်လ်ဆီးအသင်းရဲ့ နည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ဖရန့်လမ်းပတ်နဲ့ပတ်သက်ပြီး သူရဲ့အသင်းသားဟောင်းတွေ သူရဲ့လုပ်ဖော်ကိုင်ဖက်တွေက ဝိုင်းဝန်ဆုတောင်းပေးမှုတွေ လုပ်ဆောင်ခဲ့ကြသလို လမ်းပတ်ရဲ့ ဆရာသမားဟောင်းတစ်ဦးဖြစ်ခဲ့တဲ့ ဟိုဆေးမော်ရင်ဟိုကလည်း လမ်းပတ်ရဲ့ အခြေအနေနဲ့ပတ်သက်ပြီး စိတ်မကောင်းဖြစ်မိရကြောင်း ပြောဆိုခဲ့သလို ဒီအချိန်မှာ လမ်းပတ်က သူအပါအဝင် ဘယ်သူနဲ့မှကို စကားပြောဆိုချင်မှာ မဟုတ်ဘူးလို့လည်း မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sky Sports

ချယ်လ်ဆီးအသင်းမှာ ကစားသမားအဖြစ်နဲ့ရော နည်းပြအဖြစ်နဲ့ပါ တာဝန်ယူဆောင်ရွက်ခဲဲ့တဲ့ လမ်းပတ်ဟာ ချယ်လ်ဆီးကို ပထမဆုံးကိုင်တွယ်စဉ်က ကစားသမားသစ်ပါ ခေါ်ယူခွင့်တောင်မရခဲ့ပေမယ့် အသင်းကို အကောင်းဆုံးကိုင်တွယ်နိုင်ခဲ့ပြီး အသင်းကိုလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးခဲ့ပေမယ့်လည်း ဒုတိယရာသီမှာတော့ အသင်းအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၂၀၀)ကျော်အထိ သုံးစွဲခဲ့ပေမယ့် အသင်း ရလဒ်တွေ ဆိုးရွှားနေတာကြောင့် သူ့ကို အသင်းနည်းပြကနေ ထုတ်ပယ်လိုက်ဖို့ကိုသာ ဆုံးဖြတ်ချက်ချလိုက်ရပါတယ်။

Photo Credit : Goal

အခုလို အသင်းကနေ ထုတ်ပယ်ခံလိုက်ရတဲ့ လမ်းပတ်နဲ့ပတ်သက်ပြီး လမ်းပတ်ရဲ့ ဆရာသမားဟောင်းဖြစ်သူ စပါးအသင်းနည်းပြ မော်ရင်ဟိုက “ဒီအချိန်မှာတော့ လမ်းပတ်က သူရဲ့မိသားစုဝင်တွေ အရမ်းနှီးဆုံး မိတ်ဆွေသူငယ်ချင်းတွေကလွဲပြီး ကျွန်တော်အပါအဝင် ဘယ်သူနဲ့မှကို စကားပြောချင်နေမှာမဟုတ်ဘူးလို့ ကျွန်တော်ထင်မိပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကျွန်တော်ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရဲ့ သူရဲ့အလုပ်ကနေ ထုတ်ပယ်ခံလိုက်ရပြီဆိုတိုင်း ကျွန်တော်အမြဲတမ်း ဝမ်းနည်းမိရတယ်။ ဒါပေမယ့် ဖရန့်ဆိုတာ ကျွန်တော့်အတွက်တော့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဆိုတာထက်ကို ပိုပါတယ်။ သူက ကျွန်တော်ရဲ့နည်းပြဘဝအတွင်း ကျွန်တော့်အတွက် အရေးပါခဲ့တဲ့ သူတစ်ယောက်ဖြစ်လို့ အခုလို သူကြုံတွေ့ရတဲ့အပေါ် အလွန်စိတ်မကောင်းဖြစ်မိရတယ်။ ဒါပေမယ့်လည်း ဒီလိုကိစ္စရပ်တွေဆိုတာက အခုလို မော်ဒန်ဘောလုံးလောကအတွင်း မကြာခဏ ဖြစ်ပေါ်လေ့ရှိတဲ့ ရက်စက်လွန်းတဲ့ အရာတစ်ခုပါ။ ဒါကြောင့် သင့်အနေနဲ့ အသင်းတစ်သင်းရဲ့ နည်းပြဖြစ်လာပြီဆိုရင် ဒီလိုအရာတွေနဲ့ ဆုံတွေ့နိုင်တယ်ဆိုတာကို သိရှိထားဖို့ လိုအပ်ပါတယ်” လို့ ရှင်းလင်းပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာကလည်း လမ်းပတ် ရာထူးကနေ ထုတ်ပယ်ခံရတဲ့အပေါ် စာနာမိကြောင်းနဲ့ Lock ကာလသာ ပြီးဆုံးသွားပါက လမ်းပတ်နဲ့အတူ ညစာအတူစားသုံးဖို့ပါ ဖိတ်ခေါ်လိုကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။