မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာက မနေ့ညက အိုးထရက်ဖိုဒ့်မှာ ရိုးမားအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်အတွင်း ပြိုင်ဘက်ကစားသမားဆီကနေ ဘောလုံးဝင်လုရင်းနဲ့ ပင်နယ်တီဧရိယာထဲမှာ လက်ထိဘောဖြစ်သွားခဲ့တာကြောင့် ပင်နယ်တီကန်ခွင့် ခွင်ပြုပေးခဲ့ရပြီး ရိုးမားအသင်းဘက်ကလည်း ဒီပင်နယ်တီကို အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့ပါတယ်။ ဒီဂိုးရရှိပြီးနောက်မှာ ရိုးမားဘက်က ဒီဇီကိုကနေ ဦးဆောင်ဂိုးပါ ထပ်သွင်းခဲ့တာကြောင့် ပထမပိုင်း ပွဲကစားချိန်အတွင်း ယူနိုက်တက်တို့ အခက်တွေ့ခဲ့ရပါတယ်။

Photo Credit : Twitter

ပေါ့ဘာဟာ ပထမပိုင်း ပွဲကစားချိန် (၁၄)မိနစ်မှာ ပင်နယ်တီဧရိယာအတွင်း ရိုးမားကစားသမားဆီကနေ ဘောလုံးကို ဝင်လုဖို့ကြိုးစားရင်းနဲ့ ဘောလုံးက သူ့လက်နဲ့ ထိမိခဲ့တာကြောင့် ပင်နယ်တီကန်ခွင့် ပေးလိုက်ရပြီး ရိုးမားကစားသမား ပယ်လီဂရီနီက ဒီပင်နယ်တီကို အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပေါ့ဘာက သူရဲ့ပေါ့ဆမှုကို ပြန်လည်ပယ်ဖျက်နိုင်ခဲ့ပြီး ဒုတိယပိုင်း ပွဲကစားချိန် (၇၅)မိနစ်မှာပဲ အသင်းအတွက် ပဥ္စမမြောက် အနိုင်ဂိုးကို ဘရူနိုဖာနန်ဒက်စ်ရဲ့ ဖြတ်တင်ဘောကနေတစ်ဆင့် ခေါင်းတိုက်သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo Credit : Twitter

သူရဲ့ဘောလုံးဝင်လုခဲ့ပုံနဲ့ပတ်သက်ပြီး ပေါ့ဘာက “ဝင်မလုဖြစ်ရင် အကောင်းသား။ ကျွန်တော်က ဘောလုံးကို ဘယ်လိုပုံစံမျိုးနဲ့ ဝင်လုရမလဲဆိုတာ မသိပါဘူး။ ဘာကြောင့် ဝင်လုသင့်ခဲ့တာလဲ။ ဒါက ကျွန်တော်ရဲ့ ပြသာနာတစ်ခုလို ဖြစ်နေတယ်။ ကျွန်တော်က အင်္ဂလိပ် ဘောလုံးကစားသမားတွေရဲ့ ပုံစံအတိုင်း ဘောလုံးကို ဝင်လုဖို့ ကြိုးစားခဲ့တာ။ ကျွန်တော် ဒီထက်မက လေ့ကျင့်ရဦးမယ်ထင်တယ်။ လက်တွေမပါပဲနဲ့ ဘောလုံးလုနိုင်ဖို့အတွက် ကျွန်တော် ကြိုးစားရဦးမယ်။ အခုတစ်ကြိမ်ကတော့ ကျွန်တော်အတွက် ကံဆိုးစေခဲ့ရတာပါ။ ကျွန်တော် ဒီတစ်ရာသီလုံးမှာ ပင်နယ်တီနဲ့ပတ်သက်ပြီး ကံမကောင်းနေခဲ့ရတယ်။ ဒီပွဲရဲ့ ပထမပိုင်း ပွဲကစားချိန်မှာ ကျွန်တော်တို့ အမှား(၂)ကြိမ် ကျူးလွန်မိခဲ့တယ်။ အဲ့ဒီအမှားတွေကနေ သွင်းဂိုးတွေ ခွင့်ပြုခဲ့ရတယ်။ ပထမပိုင်းအပြီးမှာတော့ နည်းပြက ငါတို့တွေ မှန်ကန်တဲ့အရာတွေကို ရိုးရိုးရှင်းရှင်း လုပ်ဆောင်ကြစို့လို့ တိုက်တွန်းတယ်။ ဒီစကားက ကျွန်တော်တို့ စိတ်အားတတ်စေပြီး ဂိုးတွေကိုလည်း ရသလောက် သွင်းလာခဲ့တယ်။ ရလဒ်ကတော့ မပြီးဆုံးသေးပါဘူး။ ဒါကြောင့် ကျွန်တော်တို့တွေ အာရုံစိုက်ထားဖို့ လိုအပ်ပါမယ်” လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။