မနက်ဖြန်ညမှာ ကျင်းပသွားမယ့် ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့ ဆွီဒင်လက်ရွေးစင်အသင်းတို့ရဲ့ UEFA Nations League ပွဲစဉ်အတွင်းမှာ ပြိုင်ဘက်တွေအဖြစ်နဲ့ ရင်ဆိုင်ဆုံတွေ့ရတော့မယ့် ပေါ်တူဂီအသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုကို ဘယ်လိုတားဆီးရမှန်းမသိလောက်အောင်ကို ဖြစ်နေရတယ်လို့ ဆွီဒင်အသင်းရဲ့တောင်ပံကစားသမား ဒီဂျန်ကူလူဆက်စကီးက ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

Photo Credit : SVT Nyteher

အသက်(၃၅)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမား ရော်နယ်ဒိုနဲ့ ဆွီဒင်ကြယ်ပွင့် ကူလူဆက်စကီးတို့ဟာ စီးရီးအေထိပ်သီးကလပ် ဂျုဗင်တပ်စ်အသင်းရဲ့ အသင်းဖော်တွေဖြစ်ကြပြီး လက်ရှိမှာတော့ လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားနေရင်း ပြိုင်ဘက်တွေအဖြစ် ပြန်လည်ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ ပထမအကျော့ ဆွီဒင်မြေမှာ တွေ့ဆုံမှုမှာတော့ ပေါ်တူဂီအသင်းက ရော်နယ်ဒိုရဲ့သွင်းဂိုးတွေနဲ့အတူ အိမ်ရှင်အသင်းကို (၂)ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး အခုတကြိမ် ပေါ်တူဂီမှာ ကစားရမယ့်ပွဲမှာလည်း ဒီကစားသမားကိုပဲ ထိန်းချုပ်ရခက်ခဲနိုင်တယ်လို့ ဆွီဒင်ကစားသမား ကူလူဆက်စကီးက သတိပေးလိုက်ပါတယ်။

Photo Credit : Teller Report

ကူလူဆက်စကီးက “သူ့ကို တားဆီးလို့ရနိုင်မယ့် ကစားသမားဆိုတာ တစ်ယောက်မှ မရှိသလိုပါပဲ။ သူအနေနဲ့ သူ့အတွက် အရမ်းကောင်းမွန်တဲ့ နေ့တစ်နေ့ဖြစ်နေပြီဆိုရင်တော့ သူလုပ်သမျှ ဘာမဆိုဖြစ်နေတော့မှာပဲ။ ပြီးခဲ့တဲ့တခေါက်တုန်းကလည်း သူ့ကို ကျွန်တော်တို့တွေ လုံးဝကို မတားဆီးနိုင်ခဲ့ပါဘူး။ ဒါပေမယ့် အခုတခေါက်တော့ ကျွန်တော်တို့တွေ နောက်ထပ်အခွင့်အရေးတစ်ခုကို ရရှိလာခဲ့ပြန်ပါပြီ။ ကျွန်တော် သူ့ကို ဘယ်လိုတားဆီးရမလဲဆိုတာ မသိတော့ပါဘူး” လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ကူလူဆက်စကီးဟာ အသက်(၁၆)နှစ်အရွှယ်မှာပဲ ဆွီဒင်ကလပ်အသင်းကနေ စီးရီးအေကလပ် အတ္တလန်တာဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး သူရဲ့ထက်မြက်လှတဲ့ ခြေစွမ်းကောင်းတွေကြောင့် စီးရီးအေရဲ့လက်ရှိချန်ပီယံ ဂျုဗင်တပ်စ်အသင်းက သူ့ကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ကူလူဆက်စကီးဟာ လက်ရှိဆွီဒင်အသင်းမှာတော့ အားထားရမယ့် ကစားသမားကောင်းတစ်ယောက်အဖြစ် သတ်မှတ်ခံနေရသူဖြစ်ပြီး သူ့လို ကစားသမားမျိုးကို ပြင်သစ်အသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရတဲ့ Nations League ပွဲစဉ်အတွင်းမှာ မိနစ်(၂၀)လေးသာ အသုံးပြုခဲ့လို့ ဆွီဒင်အသင်းရဲ့ဝါရင့်တိုက်စစ်ကစားသမား ဇလာတန်အီဗရာဟီမိုဗစ်ချ်က ဆွီဒင်နည်းပြကို ဝေဖန်ပြစ်တင်ခဲ့သလို အသင်းမှာ နေရာမရသင့်တဲ့ သူတွေကိုပဲ နေရာပေးနေတာ သောက်သုံးမကျတဲ့ ပြက်လုံးတစ်ခုလိုပဲ ရင့်ရင့်သီးသီး ဝေဖန်သွားခဲ့ပါတယ်။